ဆက်သွယ်ရေးတာဝါတိုင်များမှဘက္ထရီအိုးခိုးယူသူ ၄ ဦးကို အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာ မှ ဘက်ထရီအိုး ၂၄ လုံးခိုးမှုပေါ်ပေါက်ခဲ့ ကြောင်း ဒီဇင်ဘာ ၆ ရက်၌ ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။
နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၃ နာရီခွဲ အချိန်ခန့်တွင် တာမွေမြို့နယ်၊နတ်မောက်ရပ်ကွက်နေ အမျိုးသားတစ်ဦးသည် ၎င်းအလုပ်လုပ်သည့် တိရစ္ဆာန်ဥယျာဉ် တာဝါတိုင်ဆိုဒ်သို့ သွားရောက်စစ် ဆေးရာ ဆက်သွယ် ရေးတာဝါတိုင်သုံး 12V ဘက်ထရီ(၃)လုံး ပျောက်ဆုံးသွားသဖြင့် အရေးယူ ပေးပါရန် သက်ဆိုင်ရာသို့ တိုင်တန်းခဲ့သည်။
မင်္ဂလာ တောင်ညွန့်မြို့မရဲစခန်း (ပ)၆၁၁/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ အမှုဖွင့် စုံစမ်းခဲ့ သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ အမှုဖြင့်မသင်္ကာသူ ဗဟန်းမြို့နယ်နေ မျိုးကျော်နိုင် (၂၂)နှစ်၊ ချမ်းငြိမ်း အောင်(၁၉)နှစ်၊ ဖိုးလပြည့်(၁၉)နှစ်နှင့် ငြိမ်းချမ်းအောင်(၁၉)နှစ်တို့ကို နိုဝင်ဘာ ၃၀ ရက်တွင် သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရမိသူများအနက် မျိုးကျော်နိုင်(ခ)ဝက်ခြံ၊ချမ်းငြိမ်းအောင် (ခ)ခြောက်စိနှင့် ဖိုးလပြည့်(ခ) အာပိတို့ ၃ ဦးကို စစ်ဆေးချက်အရ ဇူလိုင်နှင့်သြဂုတ်လများ တွင် တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ)ရပ်ကွက်ရှိ တာဝါတိုင်မှ NSB 170 FT အမျိုးအစား ဘက်ထရီအိုး(၈)လုံး၊ ဗဟန်း
မြို့နယ်အတွင်းရှိ ဆရာစံ/တောင်ရပ်ကွက်ရှိ တာဝါတိုင်မှ MPG 12V 170 F အမျိုးအစား ဘက္ထရီအိုး(၈)လုံး၊ ကိုယ့်မင်းကိုယ်ချင်းရပ်ကွက်ရှိ တာဝါတိုင်မှ SHC 12 V 200 FT အမျိုးအစား ဘက်ထရီအိုး(၈)လုံးတို့ကိုခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ ၄င်းတို့ ခိုး ယူခဲ့သည့် ဆက်သွယ်ရေးတာဝါတိုင်များမှ ဘက်ထရီအိုးများကို သက်ဆိုင်ရာက ပြန်လည်သိမ်းဆည်းခဲ့ပြီး ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

















