အိမ်ကွင်း၌ ဖိလစ်ပိုင်ကို အနိုင်ယူပြီး ဗီယက်နမ်အသင်း ဗိုလ်လုပွဲတက်

အိမ်ကွင်း၌ ဖိလစ်ပိုင်ကို အနိုင်ယူပြီး ဗီယက်နမ်အသင်း ဗိုလ်လုပွဲတက်

ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တစ်ပွဲအဖြစ် အိမ်ရှင် ဗီယက်နမ် နှင့် ဖိလစ်ပိုင်အသင်းတို့သည် ဒီဇင်ဘာ ၆ရက် ဒေသစံတော်ချိန် ညရနာရီခွဲက ဟနွိုင်မြို ရှိ မိုင်ဒင်အမျိုးသားကွင်း၌ ယှဉ်ပြိုင်ခဲ့ရာ ဗီယက်နမ်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့်အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်လှမ်းခဲ့သည်။ 

ဗီယက်နမ်အသင်းသည် ပထမအကျော့ အဝေးကွင်းတွင် ဖိလစ်ပိုင်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရထားသည့်အတွက် ဒုတိယအကျော့ အိမ်ကွင်း၌ ဖိလစ်ပိုင်အသင်းကို သရေကစားရုံဖြင့် ဗိုလ်လုပွဲ တက်မည်ဖြစ်သော်လည်း ပွဲစသည်နှင့် တိုက်စစ်ဖွင့်ကစားခဲ့သည်။ သို့သော် ပထမပိုင်းပြီးချိန်အထိ နှစ်သင်းစလုံး အခွင့်အရေးများ အသုံးမချနိုင်၍ ဂိုးမရှိသရေကျနေခဲ့သည်။ 

ဒုတိယပိုင်းတွင် နှစ်သင်းစလုံးလူစားလဲမှုများပြုလုပ်ကာ တိုက်စစ်မြှင့်ခဲ့ပြီးနောက် ပွဲချိန် ၈၃မိနစ်တွင် ဗီယက်နမ်အသင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး လေးမိနစ်အကြာတွင် ဒုတိယဦးဆောင်ဂိုးသွင်းယူခဲ့သည်။

ပွဲချိန်၈၉ မိနစ်တွင် ဖိလစ်ပိုင်အသင်း ချေပဂိုးသွင်းယူနိုင်ခဲ့သော်လည်း လက်ကျန်မိနစ်များတွင် ဗီယက်နမ်အသင်းက အနိုင်ရလဒ်ကို ထိန်းကစားခဲ့၍ နှစ်ကျော့ပေါင်းရလဒ် လေးဂိုး နှစ်ဂိုးဖြင့် ဗို်လ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။ 

ဗီယက်နမ်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ တတိယအကြိမ်မြောက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ခုနှစ်က ပထမဆုံးအကြိမ်ဗိုလ်စွဲခဲ့သည်။ 

ဆူဇူကီးဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်ကို မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး  ဒီဇင်ဘာ၁၁ရက်တွင်  ဘူကစ်ဂျာလီကွင်း၌ မလေးရှားနှင့်ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး