ဗီယက်နမ်ဖိတ်ခေါ်ပွဲယှဉ်ပြိုင်ရန် မြန်မာယူ-၂၁အပြီးသတ်လူစာရင်း ထွက်ပေါ်

ဗီယက်နမ်ဖိတ်ခေါ်ပွဲယှဉ်ပြိုင်ရန် မြန်မာယူ-၂၁အပြီးသတ်လူစာရင်း ထွက်ပေါ်

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၁ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက် မြန်မာယူ-၂၁အသင်းအပြီးသတ်ကစားသမား ၂၀ဦးစာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

ပါဝင်လာခဲ့

နည်းပြချုပ်ဦးကြည်လွင် ရွေးချယ်ခဲ့သည့် အပြီးသတ်ကစားသမားစာရင်းတွင် မြန်မာ့လက်ရွေးစင်အသင်းမှ ရွေးချယ်ထားသည့် ကွင်းလယ်လူ လွင်မိုးအောင် ပါဝင်လာခဲ့ခြင်းမရှိဘဲ ဂိုးသမားဘုန်းသစ္စာမင်းနှင့် နောက်ခံလူစိုးမိုးကျော်တို့သာ ပါဝင်လာခဲ့သည်။ထို့ပြင် ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အပြီးသတ်စာရင်းတွင် ပါဝင်မလာခဲ့သည့် ကွင်းလယ်လူမြတ်ကောင်းခန့်ကိုလည်း ယူ-၂၁အပြီးသတ်လူစာရင်း၌ ရွေးချယ်ခဲ့သည်။

အုပ်စုပတ်လည်

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ရက်မှ ၁၈ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်၊ မြန်မာ၊ မလေးရှားနှင့် တောင်ကိုရီးယား GIMHAE CFC ယူ-၂၁အသင်းတို့ အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ မြန်မာအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၂ရက်တွင် အိမ်ရှင်ဗီယက်နမ်အသင်း၊ ၁၄ရက်တွင် GIMHAE CFC အသင်း၊ ၁၆ရက်တွင် မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမှတ်အများဆုံးနှစ်သင်းမှာ ဗိုလ်လုပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဖိတ်ခေါ်ဖလားပြိုင်ပွဲ၏ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ရက်တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်တာဝန်ယူမည်ဖြစ်ပြီး လက်ထောက်နည်းပြများအဖြစ် ဦးကျော်လွင်နှင့် ဦးချစ်နိုင်တို့က တာဝန်ယူမည်ဖြစ်သည်။ မြန်မာယူ-၂၁အသင်းသည် ဒီဇင်ဘာ ၁၀ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည် ။

ဂိုး- ဘုန်းသစ္စာမင်း၊ စိုးအာကာ၊ နောက်- အောင်ဝဏ္ဏစိုး၊ စိုးမိုးကျော်၊ ဇင်ရဲနောင်၊ သက်ပိုင်ထွေး၊ ကျော်သူထွန်း၊ ကျော်သက်ဦး၊ ဇွဲထက်လင်း၊ လယ်- မြတ်ကောင်းခန့်၊ နန်းထိုက်ဇော်၊ အောင်နိုင်ဝင်း၊ မင်းကိုကို၊ ပြည့်စုံနိုင်၊ ရှေ့- ဝင်းနိုင်ထွန်း၊ စအောင်ပြည့်ကို၊ ဟိန်းထက်အောင်၊ ဇင်မင်းထွန်း၊စိုးလွင်လွင်၊ချမ်းငြိမ်းတို့ ဖြစ်ကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး