စီအင်န်အင်န်သတင်းဌာန၏ နယူးယောက်ရုံးခွဲနှင့် စတူဒီယိုများတွင် ဗုံးထောင်ထားကြောင်း ဖုန်းဖြင့်သတိပေးချက် ရရှိခဲ့၍ ဝန်ထမ်းများအားလုံး အဆောက်အအုံထဲမှ အရေးပေါ်ထွက်ခွာခဲ့ရပြီး တိုက်ရိုက်ရုပ်သံလွှင့်ထုတ်နေသူများလည်း အပြင်ထုတ်ပြီး ဆက်လက်ထုတ်လွှင့်ခဲ့ရသည်။
ဝန်ထမ်းများထွက်ခွာခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သော်လည်း ဗုံးတွေ့ခဲ့ခြင်း မရှိပေ။ ဒီဇင်ဘာ ၆ ရက်ညက ဖြစ်ပွားခဲ့သည့် ယင်းဗုံးလှန့်မှုတွင် ပါဝင်ကူညီကြသည့် ဒေသခံအာဏာပိုင်များကို စီအင်န်အင်န် ကမ္ဘာတဝန်းအကြီးအကဲ ဂျက်ဖ်ဇပ်ကာက အသိအမှတ်ပြုခဲ့ပြီး ဒီဇင်ဘာ ၇ ရက်မနက်တွင် ဘေးကင်းစွာ ရုံးပြန်တက်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
ကိုလံဘတ်စ်အဝိုင်းရှိ တိုင်းမ်ဝါနာအဆောက်အအုံရှိ စီအင်န်အင်န်နယူးယောက်ဌာနထဲတွင် ဖောက်ခွဲရေးပစ္စည်းငါးခု ရှိနေကြောင်း ည ၁၀ နာရီမတိုင်မီ ဖုန်းဆက်သတင်းပေးခဲ့ခြင်း ဖြစ်ပြီး မီးလှန့်အချက်ပေးသံများနှင့်အတူ အဆောက်အအုံရှိ ဝန်ထမ်းများ ထွက်ခွာခဲ့ရသည်။
အဆောက်အအုံလုံခြုံရေးများက ပဏာမစူးစမ်းရှာဖွေခဲ့ကြပြီး နယူးယောက်ရဲတပ်ဖွဲ့သည် ဗုံးရှင်းအဖွဲ့နှင့်အတူ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးခဲ့သည်။ စီအင်န်အင်န်မှ တိုက်ရိုက်အစီအစဉ်တစ်ခု ထုတ်လွှင့်နေသည့် ဘရိန်း စတက်လ်တာနှင့် ဒွန်လီမွန်တို့သည် အဆောက်အအုံအပြင်ဘက်သို့ ထွက်ခွာပြီး အစီအစဉ်ကို ဆက်လက်ထုတ်လွှင့်ခဲ့သည်။
အောက်တိုဘာကလည်း လက်လုပ်ရေပိုက်ဗုံးဟု သံသယရှိဖွယ်အရာများပါဝင်သည် ပါဆယ်ထုပ် ရောက်လာခြင်းကြောင့် ယင်းအဆောက်အအုံတစ်စိတ်တစ်ပိုင်းမှ ဝန်ထမ်းများကို အရေးပေါ်ထွက်ခွာစေခဲ့ရသည်။
ယင်းခြိမ်းခြောက်မှုကို အသက် ၅၆ နှစ်အရွယ် ဆီစာဆာယော့ဆိုသူက စီစဉ်ခဲ့ခြင်းဖြစ်ပြီး စီအင်န်အင်န်အပြင် သမ္မတထရမ့်ကိုဆန့်ကျင်သည့် အမေရိကန်နိုင်ငံရေးထိပ်သီးများထံလည်း ပါဆယ်ဗုံးများပေးပို့ခဲ့သည်ဟု စွပ်စွဲခံရထားရသည်။ ဒီဇင်ဘာ ၆ ရက်ည ဖုန်းဆက်သတင်းပေးပို့မှုကိုမူ မည်သူမည်ဝါပြုလုပ်ကြောင်း မသိရသေးပေ။

















