ကမ္ဘာပတ်ပြီး ရွက်လွှင့်နေသည့် ဗြိတိန်နိုင်ငံသား အမျိုးသမီးတစ်ဦးသည် တောင်သမုဒ္ဒရာထဲ၌ မုန်တိုင်းနှင့်ကြုံပြီး ရွက်တိုင်ကျိုးသွားပြီးနောက် မတော်တဆမှုဖြင့် ဒဏ်ရာရရှိခဲ့ရာ ၎င်းကို ကယ်တင်ခဲ့ရသည်။
ဆူစီ ဂူဒဲလ် သတိပြန်ရပြီးနောက် ၎င်းနှင့်အဆက်အသွယ်မပြတ်ခဲ့ကြောင်း ကမ္ဘာတစ်ဝန်း ပြင်ပအကူအညီမပါဘဲ ရွက်လှေပြိုင်ပွဲဖြစ်သည့် ရွှေကမ္ဘာလုံးရွက်လှေပြိုင်ပွဲမှ တာဝန်ရှိသူများက ပြောဆိုခဲ့သည်။ တောင်အမေရိကတောင်ဘက်စွန်းနား ဦးချိုအငူအနောက်ဘက် မိုင် ၂၀ဝ၀ အကွာရှိ တောင်သမုဒ္ဒရာထဲတွင် ရွက်တိုင်ကျိုးသွားခဲ့ပြီးနောက် ဂူဒဲလ်ကို ကယ်တင်ခဲ့ရခြင်းဖြစ်သည်။
ချီလီအာဏာပိုင်များက ဂူဒဲလ်ကိုကယ်တင်ရန် အမ်ဗွီတန်ဖူသင်္ဘောကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ အသက် ၂၉ နှစ်အရွယ် ဂူဒဲလ်သည် ပြိုင်ပွဲဝင်များအနက် အသက်အငယ်ဆုံးဖြစ်ပြီး အင်မတန်ကိုခက်ခဲကြမ်းတမ်းသော ပြိုင်ပွဲတွင် တစ်ဦးတည်းသော အမျိုးသမီးလည်းဖြစ်သည်။ ဂူဒဲလ်သည် အသက်သုံးနှစ်အရွယ်တွင် စတင်ရွက်လွှင့်ခဲ့ပြီး အတ္တလန္တိတ်သမုဒ္ဒရာကို ရွက်လှေဖြင့် တစ်ဦးတည်းဖြတ်သန်းခဲ့သူဖြစ်သည်။
ဂူဒဲလ်သည် ရွက်လှေပျက်စီးခဲ့ပြီးနောက် ပြိုင်ပွဲတာဝန်ရှိသူများထံသို့ စာသားမက်ဆေ့ဂျ်များပေးပို့ပြီး အကြောင်းကြားခဲ့သည်။ ဒီဇင်ဘာ ၅ ရက် အစောပိုင်းတွင် ဂူဒဲလ်က ပြင်းထန်သော မုန်တိုင်းနှင့်ကြုံနေရပြီဖြစ်ကြောင်း မက်ဆေ့ဂျ်ပေးပို့အကြောင်းကြားခဲ့သည်။
ယင်းနောက် လေးနာရီအကြာတွင် ရွက်တိုင်ကျိုးသွားပြီဖြစ်ကြောင်းနှင့် ၎င်းရွက်လှေတည်ရှိရာနေရာတို့ကို အကြောင်းကြားခဲ့သည်။
ယင်းနောက် ဦးခေါင်းနှင့်ဆောင့်မိပြီး ဒဏ်ရာရရှိနေပြီဖြစ်ကြောင်း ဂူဒဲလ်က ဆက်လက်အကြောင်းကြားခဲ့သည်။ ကမ္ဘာပတ်ရွက်လွှင့်ပြိုင်ပွဲသည် ဇူလိုင် ၁ ရက်တွင် ပြင်သစ်ရှိ လူဆာဘယ်ဒူလွန်၌ ပြိုင်ပွဲဝင် ၁၈ ဦးဖြင့် စတင်ခဲ့သည်။
၎င်းတို့သည် မိုင် ၃၀ဝ၀ဝ ခရီးကို ပြင်ပအကူအညီမပါဝင်ဘဲ မရပ်မနားယှဉ်ပြိုင်ကာ စတင်ထွက်ခွာသည့် ပြင်သစ်ဆိပ်ကမ်းသို့ ပြန်လာရမည်ဖြစ်သည်။
ရွှေကမ္ဘာလုံးပြိုင်ပွဲစတင်ခဲ့သည့် ၁၉၆၈ ခုနှစ်က အခြေအနေများကို ပြန်လည်ဖန်တီးနိုင်ရန်အတွက် ဂြိုဟ်တုနေရာပြစနစ်အပါအဝင် ခေတ်သစ်နည်းပညာများကို ပိတ်ပင်ထားသည်။

















