ကျူးဘားနိုင်ငံသားများ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုခွင့်စတင်ရရှိ

ကျူးဘားနိုင်ငံသားများ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုခွင့်စတင်ရရှိ

ကျူးဘားနိုင်ငံသားများသည် ဒီဇင်ဘာ ၆ ရက်နံနက်အစောပိုင်းမှစ၍ မိုဘိုင်းဖုန်းမှတစ်ဆင့် အင်တာနက်ကို စတင်အသုံးပြုခွင့်ရရှိခဲ့သည်။

ဒီဇင်ဘာ ၆ ရက် အစောပိုင်းတွင် နိုင်ငံပိုင်ဆက်သွယ်ရေးကုမ္ပဏီက အင်တာနက်အသုံးပြုလိုကြောင်း မှတ်ပုံတင်ထားသူများသည် သရီးဂျီကွန်ရက်အတွက် အင်တာနက်ပက်ကေ့ဂျ်များကို ဝယ်ယူနိုင်ကြောင်း မက်ဆေ့ဂျ်ပေးပို့ကာ အသိပေးခဲ့သည်။

ယခင်က ကျူးဘားနိုင်ငံသားအားလုံးနီးပါးသည် နိုင်ငံတော်ထိန်းချုပ်မှုအောက်ရှိ အီးမေးလ်အကောင့်များကို မိုဘိုင်းဖုန်းများဖြင့် စီမံခွင့်ရခဲ့သည်။ ထို့ပြင် အစိုးရထိန်းချုပ်မှုအောက်ရှိ ဝိုင်ဖိုင်လွှင့်ပေးသည့်နေရာများတွင် အင်တာနက်အသုံးပြုခွင့်ရရှိခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အစိုးရအရာရှိများနှင့် နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များသည် မိုဘိုင်းဖုန်းများဖြင့် အင်တာနက်အသုံးပြုခွင့်ရရှိခဲ့သည်။

နိုင်ငံပိုင်ဆက်သွယ်ရေးကုမ္ပဏီသည် ၆၀ဝ မဲဂါဘိုက်စ်ကို ၇ ဒေါ်လာမှစ၍ လေးဂီဂါဘိုက်စ်ကို ဒေါ်လာ ၃၀ အထိဈေးနှုန်းများဖြင့် ပက်ကေ့ဂျ်များကိုရောင်းချနေသည်။ အဆိုပါဈေးနှုန်းသည် အခြားနေရာများတွင်ရောင်းချသော ဈေးနှင့် ကိုက်ညီသော်လည်း တစ်လလျှင် ဒေါ်လာ ၃၀ မှ ၅၀ အထိသာဝင်ငွေရှိသော ကျူးဘားနိုင်ငံသားအများစုအတွက် တန်ဖိုးကြီးမားနေဆဲဖြစ်သည်။

ကျူးဘားအစိုးရသည် အမေရိကန်အစိုးရကျောထောက်နောက်ခံပေးထားသည့် ဝက်ဘ်ဆိုက်တချို့ကို ပိတ်ပင်ထားသော်လည်း နိုင်ငံတွင်း အွန်လိုင်းကို စည်းကြပ်မှုနည်းပါးသည်။ ကျူးဘားသည် ကမ္ဘာပေါ်တွင် အင်တာနက်သုံးစွဲသူအနည်းဆုံးရှိနေသည်။ အစိုးရသည် ၂၀၁၇ ခုနှစ်တွင် နေအိမ်များတွင် အင်တာနက်သုံးစွဲခွင့်ကိုပြုခဲ့ပြီး ပန်းခြံနှင့် ပလာဇာ ၈၃၀ တွင် ဝိုင်ဖိုင်သုံးစွဲနိုင်အောင် စီစဉ်ပေးခဲ့သည်။