နာမည်ကျော် ဘောလုံးသမား လိုင်ယွန်နယ် မက်ဆီကို အကြီးအကျယ်အားပေးမှုကြောင့် အွန်လိုင်းတွင် နာမည်ကျော်ကြားခဲ့သည့် အာဖဂန်ကလေးငယ်သည် ခြိမ်းခြောက်မှုများရှိလာသောကြောင့် နေအိမ်မှ ဒုတိယအကြိမ်မြောက် ထွက်ပြေးတိမ်းရှောင်ရပြန်ပြီဖြစ်သည်။
ယခုအချိန်တွင် အသက် ခုနစ်နှစ်ရှိပြီဖြစ်သည့် မာတာဇာ အာမာဒီသည် ၂၀၁၆ ခုနှစ်တွင် အိမ်တွင် ပလတ်စတစ်အိတ်ဖြင့် ချုပ်လုပ်ထားသည့် မက်ဆီအင်္ကျီကိုဝတ်ဆင်ကာ ဓာတ်ပုံရိုက်ခံကာ အွန်လိုင်းတွင် ဖော်ပြခဲ့ပြီးနောက် နာမည်သတင်းကျော်ကြားခဲ့သည်။ နောက်ပိုင်းတွင် မာတာဇာသည် ၎င်း၏ဟီးရိုးနှင့် ကာတာတွင် တွေ့ဆုံခွင့်ရရှိခဲ့သည်။
တာလီဘန်များက တိုက်ခိုက်မည်ဟု ခြိမ်းခြောက်လာသောကြောင့် နေအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ရကြောင်း မာတာဇာ၏မိသားစုကပြောဆိုခဲ့သည်။ မာတာဇာနှင့်မိသားစုသည် ဂါဇနီခရိုင်၌ နေထိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ကဘူးသို့ရောက်ရှိနေပြီဖြစ်သည်။
မာတာဇာနှင့်မိသားစုသည် ၂၀၁၆ ခုနှစ်တွင် ပါကစ္စတန်၌ ယာယီခိုလှုံခွင့်ရရှိခဲ့ပြီး ငွေကုန်သွားပြီးနောက် အာဖဂန်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။
အသက်ငါးနှစ်အရွယ်တွင် မာတာဇာသည် မက်ဆီ အသင်းခေါင်းဆောင်အဖြစ်ပါဝင်နေသည့် အာဂျင်တီးနားအမျိုးသားဘောလုံးအသင်း၏ဝတ်စုံဖြစ်သည့် အဖြူနှင့်အပြာရောင်ဝတ်စုံပုံတူ ပလတ်စတစ်အိတ်အင်္ကျီကိုဝတ်ဆင်ခဲ့သည်။ မာတာဇာ၏အင်္ကျီတွင် မာကာဘော့ပင်ဖြင့် နံပါတ် ၁၀ ကိုရေးသားထားသည်။
မာတာဇာက ပလတ်စတစ်အင်္ကျီဝတ်ဆင်ထားသည့် ဓာတ်ပုံ လူမှုမီဒီယာတွင် ပျံ့နှံ့သွားပြီးနောက် အွန်လိုင်းအသုံးပြုသူများက မက်ဆီဘက်မှ တစ်စုံတရာတုံ့ပြန်လာရေး တောင်းဆိုမှုများရှိလာခဲ့သည်။
ကလေး၏နာမည်ကိုသိရှိခဲ့ပြီးနောက် မက်ဆီသည် ၎င်းလက်မှတ်ရေးထိုးထားသည့် အင်္ကျီအပါအဝင် လက်ဆောင်တချို့ကို ကုလကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်မှ တစ်ဆင့် ပေးပို့ခဲ့သည်။
၂၀၁၆ ခုနှစ်အကုန်ပိုင်းတွင် ဘာစီလိုနာအသင်းသည် ဒိုဟာ၌ ချစ်ကြည်ရေးပွဲစဉ်ကစားသည့်အခါ ကလေးငယ်ကို ဖိတ်ခေါ်ခဲ့သည်။ နာမည်ကျော်ကြားလာမှုကြောင့် တာလီဘန်များက ပစ်မှတ်ထားလာခဲ့ခြင်းဖြစ်ကြောင်း မိသားစုကပြောဆိုခဲ့သည်။
မက်ဆီဆီမှ ရရှိလာသည့် ငွေများကို ပေးအပ်ရန် ဒေသခံတာလီဘန်ခေါင်းဆောင်များက တောင်းဆိုလာခဲ့ကြောင်း မိခင်ဖြစ်သူ ရှာဖီကာကပြောဆိုခဲ့သည်။
မာတာဇာ၏မိသားစုသည် ဆွန္နီတာလီဘန်များပစ်မှတ်ထားနေသည့် ဟာဇာရာမျိုးနွယ်အုပ်စုမှဖြစ်သည်။

















