လာမည့်ဆယ်စုနှစ်များအတွင်း ကင်ဆာရောဂါကုသရေးတွင် တိုးတက်မှုအကြီးအကျယ်ရှိလာနိုင်သော်လည်း ကင်ဆာရောဂါကိုအမြစ်ပြတ်ပျောက်ကွယ်သွားအောင် လုပ်ဆောင်နိုင်ဦးမည်မဟုတ်ကြောင်း ၂၀၁၈ ခုနှစ်အတွက် ဆေးပညာဆိုင်ရာနိုဘယ်လ်ဆုရရှိခဲ့သူများဖြစ်သည့် အမေရိကန်နိုင်ငံသား ဂျိမ်းစ် အယ်လီဆင်နှင့် ဂျပန်နိုင်ငံသား တာဆူကူ ဟွန်ဂျိုတို့က ဒီဇင်ဘာ ၆ ရက်တွင်ပြောဆိုခဲ့သည်။
အယ်လီဆင်နှင့် ဟွန်ဂျိုတို့သည် ကင်ဆာအကျိတ်များကို တိုက်ဖျက်ရန် လူ့ခန္ဓာကိုယ်ရှိ သဘာကာကွယ်ရေးစနစ်ကိုလှုံ့ဆော်ပေးနိုင်သည့် ခုခံအားစနစ်ဆိုင်ရာသုတေသနအတွက် ဆေးပညာဆိုင်ရာနိုဘယ်လ်ဆုရရှိခဲ့ခြင်းဖြစ်သည်။
ကင်ဆာရောဂါကုသရေးတွင် တိုးတက်မှုများရှိလာမည်ဖြစ်သော်လည်း ကင်ဆာကင်းစင်သည့် ကမ္ဘာတော့ဖြစ်လာဦးမည်မဟုတ်ကြောင်း အယ်လီဆင်ကပြောဆိုခဲ့သည်။
ဓာတ်ရောင်ခြည်ဖြင့် ကုသသည့်နည်းလမ်းနှင့် ခုခံအားစနစ်ကိုလှုံ့ဆော်သည့် နည်းလမ်းတို့ကိုပေါင်းစည်းပြီး ကင်ဆာကုသနိုင်တော့မည်ဟု မျှော်လင့်ထားကြောင်း ဟွန်ဂျိုကပြောဆိုခဲ့သည်။ ကင်ဆာအကျိတ်ကို လုံးဝမဖျက်ဆီးနိုင်လျှင်တောင် အကျိတ်နည်းနည်းဖြင့် အသက်ရှင်သန်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ခုခံအားစနစ်ကိုလှုံ့ဆော်သည့် နည်းလမ်းသည် ကင်ဆာကိုကုသရာတွင် တိုးတက်မှုများရှိခဲ့သော်လည်း ကုသစရိတ်သည် ဒေါ်လာ ၁၀ဝ၀ဝ၀ ကျော်ရှိနေသဖြင့် လူတိုင်းတတ်နိုင်ခြင်းမရှိသေးချေ။
နိုဘယ်လ်ဆုအတွက်ရရှိသော ငွေအများစုကို အခွန်ဆောင်ရမည်ဖြစ်သော်လည်း ကျန်ရှိသည့် ငွေပမာဏကို ကင်ဆာသုတေသနပြုနေသူများ၊ အမျိုးသမီးများ စာသင်ကျောင်းတက်ရောက်နိုင်ရေးအကူအညီပေးနေသည့် ပရဟိတအဖွဲ့တစ်ဖွဲ့သို့ လှူဒါန်းမည်ဖြစ်ကြောင်း အယ်လီဆင်ကပြောဆိုခဲ့သည်။ ၎င်းသုတေသနပြုနေသည့် တိုကျိုတက္ကသိုလ်ရှိ လူငယ်သုတေသနပညာရှင်များအား အကူအညီပေးရန် ယင်းတက္ကသိုလ်သို့ ဆုငွေများကိုလှူဒါန်းမည်ဖြစ်ကြောင်း ဟွန်ဂျိုကပြောဆိုခဲ့သည်။
နိုဘယ်လ်ဆုများကို ဒီဇင်ဘာ ၁၀ ရက်တွင် ချီးမြှင့်မည်ဖြစ်သည်။

















