အမျိုးသမီးတစ်ဦး၏ ဒိန်ချဉ်အား ခိုးသောက်သူကို ရဲတပ်ဖွဲ့က ဒီအင်န်အေ ခေါ် မျိုးဗီဇစမ်းသပ် နှိုင်းယှဉ်သည့် နည်းဖြင့် ဖော်ထုတ်ခဲ့ခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေအကုန်အကျများသည်ဆိုကာ ဝေဖန်ပြစ်တင်ခံရမှု ထိုင်ဝမ်(တရုတ် တိုင်ပေ)တွင် ဖြစ်ပွားခဲ့သည်။
တီဗွီဘီအက်စ်ရုပ်သံထုတ်လွှင့်ချက်အရ အခြားအမျိုးသမီးငါးဦးနှင့်အတူ အိမ်တစ်လုံးကို ငှားရမ်းနေထိုင်သည့် တရုတ်ယဉ်ကျေးမှုတက္ကသိုလ်မှ ကျောင်းသူတစ်ဦးသည် ၄င်း၏အခန်းဖော်ထံမှ ဒိန်ချဉ်ကို ခိုးယူခဲ့ခြင်းဟုဆိုသည်။
လွန်ခဲ့သည့်လက ယင်းအိမ်နေ အမျိုးသမီးတစ်ဦးသည် ၄င်းဝယ်ယူထားသည့် ၁ ဒသမ ၉၂ ဒေါ်လာတန် ဒိန်ချဉ်ပုလင်းကို တစ်စုံတစ်ဦးက ခွင့်ပြုချက်မဲ့သောက်သုံးခဲ့ပြီး တရားခံရှာမရသည့်တွက် ရဲတပ်ဖွဲ့ထံ သွားရောက်၍ တရားဝင် အမှုဖွင့်လှစ်ခဲ့သည်။
ဒိန်ချဉ်ပုလင်းသည် စိုစွတ်နေပြီး လက်ဗွေရာရှာမရခြင်းကြောင့် ရဲတပ်ဖွဲ့က အမျိုးသမီးငါးဦးကို တစ်ဦးလျှင် ၉၈ ဒေါ်လာ အကုန်အကျခံ၍ ဒီအင်န်အေနမူနာများ ရယူပြီး ဒိန်ချဉ်ပုလင်းနှုတ်ခမ်းမှ ဒီအင်န်အေဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့သည်။
ယင်းနည်းဖြင့် ဒိန်ချဉ်သူခိုးကိုဖော်ထုတ်နိုင်ခဲ့သော်လည်း ပြည်သူများထည့်ဝင်ထားသည့် နိုင်ငံတော်ဘဏ္ဍာမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၈၆ ဒေါ်လာ ကုန်ကျခဲ့ခြင်းကြောင့် ဝေဖန်ပြစ်တင်ခံရခြင်းဖြစ်သည်။
အက်ပဲလ်ဒေးလီးသတင်းစာဖော်ပြချက်အရ ယခုအဖြစ်သည် လူမှုအသိုင်းအဝိုင်း၏ရင်းမြစ်များကို ဖြုန်းတီးခြင်းဖြစ်ကြောင်း၊ မိမိသာ ရဲအရာရှိဖြစ်ပါက ဒိန်ချဉ်ပုလင်းတစ်လုံး အစားဝယ်ပေးလိုက်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုခဲ့သည်။
အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးကလည်း အမှုဖော်ထုတ်ပုံသည် နှံပြည်စုတ်ကို အမြောက်နှင့်ပစ်သည့်လုပ်ရပ် ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

















