ပါရီမြို့မှ အီဖဲလ်မျှော်စင်အပါအဝင် အထင်ကရနေရာများကို ဒီဇင်ဘာ ၈ ရက်(ယနေ့)၌ ပိတ်ပင်သွားမည်ဖြစ်ပြီး စက်သုံးဆီအခွန်တိုးမြှင့်မှုမှ ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများ၊ အဓိကရုဏ်းများ ပိုမိုဖြစ်ပွားလာမည်ကို ပြင်သစ်အစိုးရ စိုးရိမ်နေကြောင်း သိရသည်။
ပြင်သစ်နိုင်ငံတဝန်း အစိုးရဆန့်ကျင်ရေးအဓိကရုဏ်းများ၊ အကြမ်းဖက်မှုများတိုးပွားလာ၍ အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ရပြီး ရဲတပ်ဖွဲ့နှင့်လုံခြုံရေးတပ်ဖွဲ့ဝင် ကိုးသောင်းကျော်အထိ တိုးတက်ဖြန့်ချရန် ဆုံးဖြတ်ခဲ့သည်။
ရုပ်ကြွင်းလောင်စာသုံးစွဲမှု လျှော့ချရန် စက်သုံးဆီအခွန် တိုးမြှင့်ကောက်ခံလိုခြင်းကို ဆိုင်းငံ့ထားရန် သမ္မတဧမာနွေလ မာခရွန်က ဒီဇင်ဘာ ၅ ရက်တွင် ဆုံးဖြတ်ခဲ့ပြီး ဆက်လက်ဖြစ်ပွားနေသည့်ဆန္ဒပြမှုများကို ကိုင်တွယ်ရန် ရဲတပ်ဖွဲ့အစည်းအရုံးနှင့် မြို့အာဏာပိုင်များ တွေ့ဆုံခဲ့ကြသည်။
ပါရီတစ်မြို့တည်းတွင် ရဲတပ်ဖွဲ့ဝင် ၈၀ဝ၀ လှည့်လည်စောင့်ကြပ်မည်ဖြစ်ပြီး ၂၀ဝ၅ ခုနှစ်နောက်ပိုင်း ပြင်သစ်မြို့ပြတွင် ပထမဆုံးအကြိမ်လှည့်လည်မှုအဖြစ် သံချပ်ကားတစ်ဒါဇင်လည်း ပါဝင်မည်ဖြစ်သည်။
ကားများတွင် ရောင်ပြန်တပ်ဆင်ခြင်းကိုအကြောင်းပြု၍ အဝါရောင်ရောင်ပြန်ဝတ်စုံဝတ်လျက် အများစု ယာဉ်မောင်းများဖြစ်သည့် ဆန္ဒပြသူအချို့နှင့် ထင်ရှားသည့်နိုင်ငံရေးသမားများက ဆယ်စုနှစ်များအတွင်း ပါရီတွင် အဆိုးရွားဆုံးအဓိကရုဏ်းများဖြစ်ပွားရခြင်းကို လျှော့ချရန် တောင်းဆိုခဲ့ကြသည်။ သမ္မတမာခရွန်က စက်သုံးဆီအခွန်ကိစ္စ ဆိုင်းငံ့ခဲ့သော်လည်း ဆန္ဒပြသူများက အလုပ်သမားများ၊ အငြိမ်းစားများနှင့် ကျောင်းသားများအတွက် လူမှုသက်သာခွင့်များ ပေးရန် ဆက်လက်တောင်းဆိုခဲ့ကြသည်။
သမ္မတမာခရွန်သည် လူမြင်ကွင်းမှပျောက်ကွယ်နေပြီး ဝန်ကြီးချုပ်ကသာ တည်ငြိမ်အေးချမ်းရေးအတွက် ရှေ့ထွက်ပြောဆိုခဲ့သည်။
ပါရီတွင် အီဖဲလ်မျှော်စင်၊ ပြတိုက်တစ်ဒါဇင်ကျော်၊ ပြဇာတ်ရုံနှစ်ခုနှင့် အခြားယဉ်ကျေးမှုဆိုင်ရာ ကမ္ဘာလှည့်ဆွဲဆောင်ရာ နေရာများကို ပိတ်ပင်ထားမည်ဖြစ်သည်။ ပါရီအော်ပရာအစီအစဉ်လည်း ဖျက်သိမ်းခဲ့ပြီး ဂီတပွဲတော်နှစ်ခုလည်း ရွှေ့ဆိုင်းခဲ့သည်။

















