ထောင်ချီသော မြန်မာတိုင်းရင်းသူများ လူကုန်ကူးခံရပြီး တရုတ်၌ အဓမ္မထိမ်းမြားခံခဲ့ရကြောင်း အစီရင်ခံစာဆို

ထောင်ချီသော မြန်မာတိုင်းရင်းသူများ လူကုန်ကူးခံရပြီး တရုတ်၌ အဓမ္မထိမ်းမြားခံခဲ့ရကြောင်း အစီရင်ခံစာဆို

 ထောင်ချီသော မြန်မာတိုင်းရင်းသူအမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် တရုတ်နိုင်ငံသို့ လူကုန်ကူးပို့ဆောင်ခံခဲ့ရပြီး တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ်ထိမ်းမြားခံခဲ့ရကြောင်း ဂျွန်ဟော့ပ်ကင်စ် ဘလွန်းဘတ်စကူးလ်မှ ပြည်သူ့ကျန်းမာရေးဌာနနှင့် ထိုင်းနိုင်ငံဆိုင်ရာ ကချင်အမျိုးသမီးအစည်းအရုံး(ကေဒဗလျူအေတီ) တို့က ခေါင်းဆောင်သည့် သုတေသနပြုမှုအသစ်တစ်ရပ်က ဖော်ပြခဲ့သည်။

 ယင်းအဖွဲ့အစည်းနှစ်ခုတို့ပူးပေါင်းလျက် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့တွင် အရေအတွက်နှင့် အရည်အသွေးဆိုင်ရာ သုတေသနနည်းလမ်းများ ပေါင်းစပ်၍ လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 အဓမ္မထိမ်းမြားမှု သားကောင်ဖြစ်ရသူများသည် ကျယ်ပြန့်သည့် အခွင့်အရေးချိုးဖောက်မှုများ ခံစားရပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ရှိခဲ့သည်ကို ဖော်ထုတ်မိကြောင်း အစီရင်ခံကိုဦးဆောင်တင်ပြသည့် တွဲဘက်ပါမောက္ခ ကုတ်လန်းရော်ဘင်ဆန်က ပြောဆိုခဲ့သည်။ 

ယခုသုတေသနပြုမှုသည် ပြဿနာမြင်ကွင်းနှင့် သားကောင်ဖြစ်ရသူများကို အထောက်အကူပြုသည့် ဝန်ဆောင်မှုများ အလျင်အမြန်လိုအပ်သည်ကို သတိပြုမိစေလို၍ဖြစ်ကြောင်းလည်း ပြောသည်။

 ဆယ်စုနှစ်ချီ၍ မိသားတစ်စု ကလေးတစ်ယောက်မူဝါဒအရ တရုတ်နိုင်ငံတွင် လက်ရှိ အမျိုးသမီးအရေအတွက်သည် အမျိုးသားအရေအတွက်ထက် ၃၃ သန်း ပိုမိုနည်းပါးကြောင်း၊ ယင်းကွာဟချက်ကိုဖြည့်ဆည်းရန် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့မှ ဆင်းရဲနွမ်းပါးသည့်အမျိုးသမီးများကို တရုတ်နိုင်ငံသို့ သတို့သမီးအဖြစ် တင်သွင်းကြောင်း၊ အချို့မှာ မိမိတို့ဆန္ဒအလျောက်ဖြစ်ပြီး အချို့မှာလှည့်စားခံရခြင်း သို့မဟုတ် လူကုန်ကူးခံရခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

 ပဋိပက္ခ၊ ရွှွေ့ပြောင်းမှုနှင့် ဆင်းရဲမွဲတေမှုတို့ကြောင့်လည်း မြန်မာနိုင်ငံမှ အမျိုးသမီးများ ထွက်ခွာရခြင်းဖြစ်ကြောင်း ရော်ဘင်ဆန်ကပြောဆိုပြီး အစီရင်ခံစာတွင် စစ်ဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် မြောက်ပိုင်းရှမ်းပြည်တို့မှ အမျိုးသမီး ၇၅၀၀ ခန့် တရုတ်သို့ အဓမ္မထိမ်းမြားမှုသားကောင်အဖြစ် ကျရောက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိမ်းမြားခံရပြီးပါက ခင်ပွန်းအတွက် ကလေးတစ်ဦးမွေးဖွားပေးရန် ဖိအားပေးခံပြီး အချို့မှာ မြန်မာနိုင်ငံသို့ ပြန်လည််ထွက်ပြေး လွတ်မြောက်လာကြောင်းလည်း သိရသည်။

 အချို့မိန်းကလေးများသည် မိသားစုနှင့်ရပ်ရွာအကြီးအကဲများ၏ အကျိုးဆောင်မှုဖြင့် ငြင်းဆန်ရန်မစွမ်းဘဲ ထိမ်းမြားခြင်းကို သဘောတူကြရကြောင်း၊ ငယ်ရွယ်သည့်သတို့သမီးများသည် စျေးကောင်းရရှိပြီး အမေရိကန်ဒေါ်လာ ၁၀၀၀၀ မှ ၁၅၀၀၀ အထိ ရရှိကြောင်း၊ တရုတ်ပြည်မှ သတို့သားများမှာ အများအားဖြင့် ကျေးလက်မှ အသက်အရွယ်ကြီးမြင့်သူ၊ နာမကျန်းသူနှင့် မသန်စွမ်းသူများဖြစ်ကြကြောင်းလည်း သိရသည်။

 အချို့အမျိုးသမီးများသည် ခင်ပွန်းအတွက် ကလေးမွေးဖွားပြီးနောက်တွင် ပြန်လည်ရောင်းချခံရပြီး နောက်ထပ် အဓမ္မထိမ်းမြားခံရကြောင်း၊ ယင်းအနိဌာရုံများ မဖြစ်ပေါ်ရန် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းမှ စစ်ရေးပဋိပက္ခများရပ်စဲရန်လိုအပ်ကြောင်းလည်း  အစီရင်ခံစာက ဖော်ပြခဲ့သည်။