WHO ၏ ကျန်းမာရေးအဆင့်သတ်မှတ်ချက် မြန်မာနိုင်ငံ အောက်ဆုံးအဆင့်သို့ရောက်ရှိ

WHO ၏ ကျန်းမာရေးအဆင့်သတ်မှတ်ချက် မြန်မာနိုင်ငံ အောက်ဆုံးအဆင့်သို့ရောက်ရှိ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) မှ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ၏ ၂၀၁၈ ခုနှစ်အတွက် ကျန်းမာ ရေးအဆင့်များဖော်ပြရာတွင် မြန်မာနိုင်ငံမှာ အဆင့် ၁၉၀ ဖြင့် အောက်ဆုံး၌ရောက်ရှိနေကြောင်း သိရသည်။

လုပ်ဆောင်မှုမရှိသေး

ယင်းအဆင့်များအား ကနေဒါနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ ဆန်းစစ်ချက်များဖြင့် ညှိနှိုင်းဖော်ပြထားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ကျန်းမာမှုအဆင့်နိမ့်ကျခြင်းနှင့်ပတ်သက်၍ ကျိုင်းတုံမြို့ နယ် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက "သူတို့တိုင်းတဲ့ပေတံတွေရှိတယ်။ အဲဒါတွေနဲ့တိုင်းတာပါ။ တချို့စံနှုန်း တွေက မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်နိုင်မှုမရှိသေးတော့ သူတို့ တိုင်းပေးတဲ့ပေတံနဲ့ မကိုက်ဘူးဖြစ်နေတဲ့သဘောပါ"ဟု ၎င်း၏အမြင် ကို ကမ္ဘောဇတိုင်းသို့ ပြောဆိုသည်။

အဆိုပါ WHO အစီရင်ခံစာအရ နိုင်ငံများ၏ကျန်းမာရေးအဆင့် တိုင်းတာချက်များတွင် လူဦးရေ၊ နိုင်ငံသားတစ်ဦးချင်းဝင်ငွေ၊ ကျား/မ သက်တမ်း၊ အသက်ငါးနှစ်အောက်သေဆုံးမှု၊ အသက်(၁၅)နှစ်မှ (၆၀) ကြားသေဆုံးမှု၊ နိုင်ငံသားတစ်ဦးချင်း၏ ကျန်းမာရေးအသုံးစရိတ်၊ နိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ်နှင့် GDP တို့ဖြင့် တိုင်းတာဆုံးဖြတ် ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့နိုင်ငံမှာ လူထုကျန်းမာရေးစောင့်ရှောက်မှု အာမခံ စနစ်မရှိပါဘူး။ ထိုင်းမှာတော့ လူတစ်ယောက် ၁၀ ဘတ်နဲ့စုပေးပြီး နိုင်ငံကလည်း သူ့ကျန်းမာရေးကိုစောင့်ရှောက်မှုပေးတဲ့ အာမခံစနစ်ကို ထူထောင်ပြီး လုပ်ဆောင်ပေးပါတယ်။ မြန်မာအစိုးရအနေနဲ့က ကျန်းမာ ရေးစောင့်ရှောက်မှုအာမခံ ထူထောင်ဖို့ကြိုးပမ်းနေဆဲဖြစ်ပြီး အစိုးရ ကပဲ အားလုံးကို အကုန်အကျခံကုသနေဆဲဖြစ်ပါတယ်။ သူတို့တိုင်းတဲ့ ပေတံနဲ့မကိုက်တာပါ"ဟု ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်က လည်း ပြောဆိုသည်။

အောက်ဆုံးအဆင့်

ယခုနှစ်အတွက် WHO ကဖော်ပြသည့် ကျန်းမာရေးအဆင့်များ တွင် တစ်ကမ္ဘာလုံး၏အဆင့်(၁)မှာ ပြင်သစ်နိုင်ငံဖြစ်ကာ အာဆီယံ နိုင်ငံများအနေဖြင့် စင်ကာပူက အဆင့် ၆၊ ဘရူနိုင်းက အဆင့် ၄၀၊ ထိုင်းက အဆင့် ၄၇၊ မလေးရှား အဆင့် ၄၉၊ ဖိလစ်ပိုင် အဆင့် ၆၀၊ အင်ဒိုနီးရှား အဆင့် ၉၂၊ ဗီယက်နမ် အဆင့် ၁၆၀၊ လာအို အဆင့် ၁၆၅၊ ကမ္ဘောဒီးယား အဆင့် ၁၇၄ နှင့် မြန်မာ အဆင့် ၁၉၀ တို့ ဖြစ်ကြောင်းဖော်ပြထားပြီး အိမ်နီးချင်းနိုင်ငံများ၌ ဘင်္ဂလားဒေ့ရှ် အဆင့် ၈၈၊ အိန္ဒိယ အဆင့် ၁၁၂ နှင့် တရုတ်နိုင်ငံ အဆင့် ၁၄၄ တို့ဖြစ်ကြကြောင်း ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး