အီတလီနိုင်ငံတွင် နိုက်ကလပ်တစ်ခုအတွင်း ငရုတ်ကောင်းဖြန်းဗူးကြောင့် မီးလောင်ရာမှ လူအုပ်လန့်ပြေးပြီး နင်းမိကြသဖြင့် ခြောက်ဦး သေဆုံးပြီး ၁၀ဝ ကျော် ဒဏ်ရာရခဲ့သည်။
အရှေ့ပိုင်းကမ်းခြေဒေသ အန်ကိုနာအနီး ကိုရီနာဒိုမြို့ရှိ လန်တားနာ အက်ဇူရားကလပ်တွင် ညဉ့်သန်းခေါင်းယံအလွန်၌ ဘာသာရေးပွဲတော်အထိမ်းအမှတ်တစ်ခုအဖြစ် ရက်ပ်အဆိုတော် ဆာဖီရာ အက်ဘ်စတာ ဖျော်ဖြေနေခိုက် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားချိန်တွင် ကလပ်တွင်း လူ ၁၀ဝ၀ ကျော် ရှိနေပြီး မီးလန့်၍ထွက်ပြေးမှုကြောင့် အချင်းချင်းနင်းမိခြင်း၊ ပြုတ်ကျခြင်းများ ဖြစ်ပွားခဲ့ရသည်။
သေဆုံးဒဏ်ရာရသူများကို ဆီနီဂါလီယာနှင့် အန်ကိုနာဆေးရုံများသို့ ပို့ဆောင်ခဲ့ရသည်။ ဒဏ်ရာရသူအများစုမှာ ဒဏ်ရာပြင်းထန်သည်။
ဆာဖီရာ အက်ဘ်စတာသည် အသက် ၂၆ နှစ်ရှိပြီး အနုပညာအမည်မှာ ဂျီအိုနာတာ ဘောစ်ချက်တီဖြစ်၍ အီတလီတွင် ကျော်ကြားသည် ခေတ်ပေါ်ဂီတသမားတစ်ဦးဖြစ်သည်။
အီတလီတွင် လွန်ခဲ့သည့်နှစ် ဇွန်လကလည်း တူရင်မြို့တွင် ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲ ကြည့်ရှုနေခိုက် ဗျောက်အိုးဖောက်မှုကြောင့် လူအုပ်လန့်ပြိုဆင်းပြီး နင်းမိကြ၍ လူ ၁၅၀ဝ ခန့် ဒဏ်ရာရရှိခဲ့ဖူးသည်။

















