ဘရာဇီး၌ ဘဏ်ဓားပြတိုက်မှု၏ ပစ်ခတ်မှုကြောင့် ၁၂ ဦးခန့်သေဆုံး

ဘရာဇီး၌ ဘဏ်ဓားပြတိုက်မှု၏ ပစ်ခတ်မှုကြောင့် ၁၂ ဦးခန့်သေဆုံး

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းရှိ စီယာရာပြည်နယ်၌ ဒီဇင်ဘာ ၇ ရက်တွင် ဘဏ်ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ဓားပြများကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ကလေးငယ်နှစ်ဦးအပါအဝင် လူ ၁၂ ဦးခန့် သေဆုံးခဲ့သည်။

ဆီယာရာပြည်နယ် မီလာဂရာစ်မြို့လယ်ရှိ ဘဏ်တစ်ခု၌ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်တွင် ဓားပြတိုက်မှုနှစ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ 
ဘဏ်ဓားပြများသည် လမ်းတစ်လမ်းပေါ်ရှိ ဘဏ်နှစ်ဘဏ်ကိုစတင်ဝင်ရောက်ချိန်တွင် မြို့လယ်ရှိ လမ်းတစ်လမ်းကိုပိတ်ဆို့ထားပြီး ဓားစာခံများထားရှိခဲ့ကြောင်း သတင်းဝက်ဘ်ဆိုက် ဂီဝမ်းကဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များရောက်ရှိခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ သေဆုံးသူများရှိခဲ့ခြင်းဖြစ်သည်။
    ဓားစာခံများကို ဘဏ်ဓားပြများက သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် သေဆုံးခြင်းမဟုတ်ကြောင်း မီလာဂရာစ်မြို့တော်ဝန် လီဆန် မာဆဲဒို လန်ဒင်ကပြောဆိုခဲ့သည်။ 
အသက် ၁၀ နှစ်မှ ၁၃ နှစ်ကြား ကလေးငယ်နှစ်ဦးသည် သေဆုံးခဲ့သည့် ဓားစာခံများဖြစ်ကြောင်း မာဆဲဒို လန်ဒင်ကပြောဆိုခဲ့သည်။
    သံသယရှိသူနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ကျန်လူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 
ရဲတပ်ဖွဲ့သည် မော်တော်ယာဉ်သုံးစီး၊ လက်နက်များနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
    သေဆုံးသူခြောက်ဦးသည် တိုက်ခိုက်သူများဖြစ်ကြောင်း ဆီယာရာပြည်နယ်အများပြည်သူလုံခြုံရေးအတွင်းဝန် အန်ဒရေ ကော်စတာကပြောဆိုခဲ့သည်။

ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဓားပြများကို ရှာဖွေရန်အတွက် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများကို ရပ်ဆိုင်းထားပြီး မြို့နေများအနေဖြင့် မိမိတို့နေအိမ်များမှာပင်နေထိုင်ရန် မြို့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။