ဖမ်းဆီးထားသည့် ဟွာဝေးဒုတိယဥက္ကဌနှင့် ဘဏ္ဍာရေးအကြီးအကဲဖြစ်သူ မန်ဝမ်ကျိုကို အာမခံမပေးရန် ကနေဒါအစိုးရရှေ့နေတစ်ဦးက တရားရုံးကိုတိုက်တွန်းလိုက်ပြီး မန်ဝမ်ကျိုကို နယူးယောက်ရှိ အမေရိကန်တရားရုံးတစ်ရုံးက သြဂုတ် ၁၂ ရက်ကတည်းက ဖမ်းဆီးမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။
အမေရိကန်တရုတ်ဆက်ဆံရေးကို ရိုက်ခတ်စေခဲ့ပြီး ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ကို စိုးရိမ်ပူပန်စေခဲ့သည့် ဖမ်းဆီးမှုကို ကနေဒါအစိုးရက ဒီဇင်ဘာ ၁ ရက်တွင် ပြုလုပ်ခဲ့သည်။ ယင်းရက်မှာပင် အမေရိကန်နှင့်တရုတ်တို့ ကုန်သွယ်ရေးစစ်ပွဲ ရက် ၉၀ ရပ်စဲလျက် ညှိနှိုင်းဆွေးနွေးရန် သဘောတူခဲ့ကြသည်။
အမေရိကန်က ဆန်ရှင်ချမှတ်ထားသည့် အီရန်သို့ ဟွာဝေးကုမ္ပဏီသည် ဟောင်ကောင်မှ ဟန်ဆောင်ကုမ္ပဏီ တစ်ခုဖြစ်သည့် စကိုင်းကွမ်းကို အသုံးပြုလျက် ၄င်း၏ထုတ်ကုန်များတင်ပို့ခဲ့ကြောင်း စွပ်စွဲထားသည်။ ဟွာဝေး တည်ထောင်သူ၏သမီးလည်း ဖြစ်သည့် မန်ဝမ်ကျိုသည် ဟွာဝေးနှင့်အတူ အီရန်နှင့်ကုန်သွယ်ရန် အမေရိကန်ဘဏ်များကို လှည့်စားခဲ့ကြောင်း စွပ်စွဲချက်တွင် ဖော်ပြခဲ့သည်။
ကနေဒါတွင် မန်ဝမ်ကျိုအဖမ်းခံခဲ့ရမှုကြောင့် တရုတ်အစိုးရအမျက်ထွက်ခဲ့ပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။ ယင်းကိစ္စကြောင့် အမေရိကန် တရုတ်ညှိနှိုင်းဆွေးနွေးမှုအပေါ် အနုတ်လက္ခဏာ သက်ရောက် စေကြောင်းလည်း အမေရိကန်ပညာရှင်များကိ်ုယ်တိုင် ပြောဆိုသည်။
မန်ဝမ်ကျိုကို ဟောင်ကောင်မှ မက္ကဆီကိုအသွား ကနေဒါတွင်ရောက်ရှိခိုက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမေရိကန်က ထုတ်ပြန်ထားသည့်ဝရမ်းအပေါ် ဒီဇင်ဘာ ၇ ရက်တွင် ဗန်ကူဗာရှိတရားရုံးတွင်ကြားနာခဲ့ကြောင်း ကနေဒါအစိုးရရှေ့နေ ဂစ်ဘ်ကာစ်လေက ပြောဆိုခဲ့သည်။
ဗန်ကူဗာတွင် အိမ်နှစ်လုံးပိုင်ဆိုင်ထားသည် မန်သည် အမေရိကန်ကစွပ်စွဲထားသည့် မသမာမှုများနှင့် အပြစ်ပေးခံရပါက ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်ခံရနိုင်သည်။
မန်အဖမ်းခံရမှုကို ကန့်ကွက်ပြစ်တင်ခဲ့သော်လည်း တရုတ်သည် အမေရိကန်အစိုးရနှင့် ကုန်သွယ်ရေးဆွေးနွေးမှု ဆက်လက်ပြုလုပ်မည်ဟု ပြောဆိုထားပြီး ရက်ပေါင်း ၉၀ အတွင်း သဘောတူညီမှုတစ်ခု ရရှိမည်ဟု ယုံကြည်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူက ပြောဆိုခဲ့သည်။

















