သတင်းမီဒီယာသမားများအား ဖိနှိပ်မှုနှင့် ခြိမ်းခြောက်မှုများလုပ်ဆောင်နေခြင်းကိုရပ်တန့်ရန် ပိုလန်အာဏာပိုင်များကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ဒီဇင်ဘာ ၇ ရက်တွင် တောင်းဆိုခဲ့သည်။
ပိုလန်ရှိ မီဒီယာလွတ်လပ်မှုတိုက်ခိုက်ခံနေရခြင်းနှင့်ပတ်သက်၍ မကြာသေးမီရက်သတ္တပတ်များအတွင်း အမေရိကန်သံအမတ်ကြီးက ဝေဖန်ပြောဆိုခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုနှင့် ဥပဒေနှင့် တရားမျှတမှုပါတီဦးဆောင်သော အစိုးရတို့ကြား တင်းမာမှုများရှိလာခဲ့သည်။
၂၀၁၅ ခုနှစ်ကတည်းက အာဏာရရှိခဲ့သည့် အဆိုပါပါတီသည် အခွန်ဆောင်ပြည်သူများ၏ငွေဖြင့် လည်ပတ်နေသည့် နိုင်ငံပိုင်မီဒီယာကို ၎င်းတို့ပါတီ၏ ဝါဒဖြန့်ချိရေးလက်နက်အဖြစ် အသုံးချခဲ့သည်။
အာဏာရပါတီသည် အမေရိကန်နိုင်ငံသားပိုင်ဆိုင်သော ရုပ်သံဌာနနှင့် ဂျာမန်သို့မဟုတ် ဆွစ်ဇာလန်နိုင်ငံသားပိုင်ဆိုင်သော မီဒီယာဌာနခွဲများသည် အတိုက်အခံများ၏သတင်းကိုအဓိကထားဖော်ပြနေကြောင်း ပြောဆိုကာ မီဒီယာလုပ်ငန်းများအား နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ပြုထားသည့် ပမာဏကိုလျှော့ချမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့၏တောင်းဆိုချက်နှင့်ပတ်သက်၍ ပိုလန်အစိုးရက တစ်စုံတရာတုံ့ပြန်ခြင်းမရှိသေးချေ။
ပုဂ္ဂလိကမီဒီယာများတွင် အစိုးရကိုဝေဖန်သည့် အကြောင်းအရာများကိုဖော်ပြနေသောကြောင့် နိုင်ငံပိုင်မီဒီယာသည် အစိုးရကောင်းကြောင်းကိုရေးသားဖော်ပြရန်လိုအပ်နေကြောင်း အာဏာရပါတီခေါင်းဆောင် ယာရိုစလော ကာဇင်စကီးကပြောဆိုခဲ့သည်။
အစိုးရကိုဝေဖန်သည့် သတင်းများကိုဖော်ပြသည့် ဂျာနယ်လစ်များအား ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း အစိုးရက ခြိမ်းခြောက်ခဲ့မှုကို နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ဥပမာပေးခဲ့သည်။
ဂဇဲတာ ဝိုင်ဘာဇာသတင်းစာသည် ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည့် သတင်းဆောင်းပါးခုနစ်ခုကို ဖြုတ်ချခြင်းမပြုပါက ဂျာနယ်လစ်ငါးဦးကို တရားစွဲဆိုမည်ဖြစ်ကြောင်း ပိုလန်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အာဏာရပါတီမှ အထက်လွှတ်တော်အမတ်တစ်ဦးတို့က ပြောဆိုခဲ့ပြီးဖြစ်သည်။
အစိုးရအရာရှိကြီးများပါဝင်သည့် ငွေကြေးအရှုပ်တော်ပုံနှင့်ပတ်သက်၍ သတင်းစာကဖော်ပြခဲ့ခြင်းဖြစ်သည်။

















