နိုင်ငံခြားသားထောင်ပေါင်းများစွာခေါ်ယူမည့် ဥပဒေကြမ်း ဂျပန်လွှတ်တော်အတည်ပြု

နိုင်ငံခြားသားထောင်ပေါင်းများစွာခေါ်ယူမည့် ဥပဒေကြမ်း ဂျပန်လွှတ်တော်အတည်ပြု

နိုင်ငံခြားသားအလုပ်သမားထောင်ပေါင်းများစွာအား ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခွင့်ပေးမည့် ဥပဒေကြမ်းတစ်ခုကို ဂျပန်လွှတ်တော်အမတ်များက ဒီဇင်ဘာ ၈ ရက် အစောပိုင်းတွင် အတည်ပြုလိုက်ပြီဖြစ်သည်။

ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက နိုင်ငံခြားသားအလုပ်သမားများကို နိုင်ငံတွင်း အလုပ်လုပ်ခွင့်ပေးရန် အဆိုပြုခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် အငြင်းပွားဖွယ် ဥပဒေကြမ်းကိုအတည်ပြုခြင်းဖြစ်သည်။ 
လူဦးရေ ၁၂၆ သန်းရှိသော ဂျပန်၌ သက်ကြီးရွယ်အိုဦးရေများပြားလာပြီး အလုပ်လုပ်နိုင်သူဦးရေနည်းပါးလာမှုကြောင့် နိုင်ငံခြားသားအလုပ်သမားများကို ဝင်ရောက်ခွင့်ပေးရန် အရေးတကြီးလိုအပ်လာပြီဖြစ်သည်။ 
ဂျပန်ရှိ ဝန်ဆောင်မှုပေးသော လုပ်ငန်းများအပါအဝင် လုပ်ငန်းတချို့၌ နိုင်ငံခြားသားအလုပ်သင်များကို အဓိကအားထားနေရပြီဖြစ်သည်။ 
    အာဘေး၏ကွန်ဆာဗေးတစ်အစိုးရသည် အလုပ်သမားပြတ်လပ်နေမှုကိုပြဿနာကိုဖြေရှင်းနိုင်ရေးအတွက် အမျိုးသမီးများ အလုပ်ခွင်ဝင်ရောက်ရန်တိုက်တွန်းခဲ့ပြီး စက်ရုပ်များကိုပိုမိုအသုံးပြုရန် ကြိုးပမ်းခဲ့သော်လည်း ပြေလည်သွားခြင်းမရှိသောကြောင့် နိုင်ငံခြားအလုပ်သမားများကို ခေါ်ယူရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။ 
ဆောက်လုပ်ရေး၊ သူနာပြု၊ လယ်ယာစိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးလုပ်ငန်းနယ်ပယ်များတွင် အလုပ်သမားပြတ်လပ်မှုကြီးကြီးမားမားရှိနေသောကြောင့် ဗီဇာလိုအပ်ချက်များကို လျှော့ချပေးရန် အာဘေးက တောင်းဆိုခဲ့သည်။
    ဂျပန်ရှိ နိုင်ငံခြားသားအလုပ်သမားဦးရေသည် ၂၀ဝ၀ ပြည့်နှစ်မှစ၍ နှစ်ဆတိုးလာခဲ့ပြီး ယမန်နှစ်တွင် ၁ ဒသမ ၃ သန်းအထိရှိလာခဲ့သည်။

ဖွံ့ဖြိုးဆဲ အာရှနိုင်ငံများမှ အလုပ်သမားများသည် စတိုးဆိုင်များနှင့် စားသောက်ဆိုင်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြပြီဖြစ်သည်။
    ဂျပန်၌ ဦးရေပိုမိုများပြားလာသည့် အလုပ်သမားများမှာ ဗီယက်နမ်နိုင်ငံသားများဖြစ်ကြသည်။ ဗီယက်နမ်သားအများစုသည် ဆောက်လုပ်ရေးလုပ်သားနှင့် သူနာပြုများအဖြစ်လုပ်ကိုင်ကြသည်။

ဂျပန်သည် ၂၀၂၀ တိုကျိုအိုလံပစ်အတွက် အဆောက်အအုံများကိုပိုမိုဆောက်လုပ်လာရသောကြောင့် ဆောက်လုပ်ရေးအလုပ်သမားများကို ပိုမိုလိုအပ်လာခဲ့သည်။
    ဥပဒေကြမ်းအရ ဧပြီမှစ၍ အလုပ်သမားအမျိုးအစားနှစ်မျိုးကိုသာ လက်ခံမည်ဖြစ်သည်။

ကျွမ်းကျင်မှုနည်းပါးသည့် အလုပ်သမားများနှင့် ဂျပန်ဘာသာစကားစွမ်းရည်ရှိသည့် အလုပ်သမားများအား နိုင်ငံတွင်း ခရီးသွားများအဖြစ် ငါးနှစ်အထိနေထိ်ုင်ခွင့်ပြုမည်ဖြစ်ပြီး မိသားစုဝင်များကိုခေါ်ယူခွင့်မရှိချေ။

ဒုတိယအမျိုးအစားမှာ ဂျပန်ဘာသာစကားကျွမ်းကျင်ပြီး ယဉ်ကျေးမှုကိုနားလည်သည့် ကျွမ်းကျင်လုပ်သားများဖြစ်ကြပြီး ၎င်းတို့သည် မိသားစုဝင်များကိုခေါ်ယူခွင့်ရှိကာ ဂျပန်၌ ၁၀ နှစ်နေထိ်ုင်ပြီးနောက် ရာဇဝတ်မှုကျူးလွန်ခြင်းမရှိပါက နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိနေသည်။