ပါပူဝါခရိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဆွေးနွေးရန် အင်ဒိုနီးရှားအစိုးရအား သူပုန်များတောင်းဆို

ပါပူဝါခရိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဆွေးနွေးရန် အင်ဒိုနီးရှားအစိုးရအား သူပုန်များတောင်းဆို

အင်ဒိုနီးရှားနိုင်ငံရှိ ပါပူဝါခရိုင်၏ကိုယ့်ကြမ္မာကိုယ်စီရင်ခွင့်နှင့်ပတ်သက်၍ အစိုးရအနေဖြင့် ဆွေးနွေးမှုများပြုလုပ်ရန်လိုအပ်နေပြီး အစိုးရဆိုင်ရာအဆောက်အအုံများကို တိုုက်ခိုက်မှုများဆက်လက်ပြုလုပ်ဦးမည်ဖြစ်ကြောင်း ပါပူဝါခရိုင်ရှိ သူပုန်များက သတိပေးပြောဆိုလိုက်ပြီဖြစ်သည်။

အင်ဒိုနီးရှားက ဒတ်ချ်ကိုလိုနီနယ်ဟောင်းဖြစ်သည့် ပါပူဝါခရိုင်ကို သိမ်းပိုက်ခဲ့သည့် ၁၉၆၀ ပြည့်နှစ်ကျော်ကာလများမှစ၍ ပုန်ကန်မှုများရှိလာခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သောရုံးပိတ်ရက်တွင် အစိုးရပိုင်ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုတိုက်ခိုက်ခဲ့ကြောင်း လွတ်လပ်သော ပါပူဝါလှုပ်ရှားမှုအဖွဲ့၏လက်နက်ကိုင်အဖွဲ့ခွဲ အနောက်ပါပူဝါအမျိုးသားလွတ်မြောက်ရေးစစ်တပ်၏ပြောခွင့်ရှိသူ ဆက်ဘီဆမ်ဘွမ်ကပြောဆိုခဲ့သည်။
    ပါပူဝါဖြတ်ကျော်လမ်းမကြီးဖောက်လုပ်ရေးစီမံကိန်း၏တစ်စိတ်တစ်ပိုင်းအဖြစ် တံတားတည်ဆောက်ရန် ငှားရမ်းထားသည့် အလုပ်သမားများအနက် ၁၆ ဦး၏ရုပ်အလောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်သယ်ဆောင်လာခဲ့ပြီဖြစ်ကြောင်း ပါပူဝါရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ ဆူယာဒီဒီးယက်ဇ်ကပြောဆိုခဲ့သည်။

တိုက်ခိုက်မှုကျူးလွန်သူများကို ဖမ်းဆီးရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့ကို ညွှန်ကြားထားပြီးဖြစ်သည်။ 
ကီလိုမီတာ ၄၆၀ဝ ရှိသည့် ပါပူဝါခရိုင်ဖြတ်ကျော်လမ်းမကြီးဖောက်လုပ်ရေးအပါအဝင် ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်နေဦးမည်ဖြစ်ကြောင်း ဝီဒိုဒိုကပြောဆိုခဲ့သည်။ 
    အဆိုပါလမ်းမကြီး စစ်တပ်က ဦးဆောင်အကောင်အထည်ဖော်နေခြင်းဖြစ်သောကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ဆမ်ဘွမ်ကပြောဆိုခဲ့သည်။

ဖွံ့ဖြိုးရေးကိုမလိုအပ်ဘဲ လွတ်လပ်ရေးကိုသာ လိုချင်ကြောင်း ဆွမ်ဘွမ်ကဆက်လက်ပြောဆိုခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးရာမှတစ်ဆင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့သည့် အာချေးခရိုင်ကဲ့သို့ အခြေအနေမျိုးကိုလိုချင်ကြောင်း ၎င်းကပြောဆိုခဲ့သည်။