၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကြိုကာလ၌ အမျိုးသမီးနှစ်ဦးကို နှုတ်ပိတ်ခ တရားမဝင်ပေးရန် ပုဂ္ဂိုလ်ရေးရှေ့နေကို ဒေါ်နယ်ထရမ့်က ညွှန်ကြားခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေအချို့က တင်ပြခဲ့သည်။
အမေရိကန်နိုင်ငံရေးကို ရုရှားစွက်ဖက်ခဲ့မှုအရေး စုံစမ်းနေသည့် အထူးစုံစမ်းရေးမှူး ရောဘတ်မူလာအတွက် လုပ်ကိုင်ပေးနေသည့် နယူးယောက်မှ အစိုးရရှေ့နေများက သမ္မတထရမ့်၏ ပုဂ္ဂိုလ်ရေးရှေ့နေဟောင်း မိုက်ကယ်ကိုဟင်နှင့်ပတ်သက်၍ စုံစမ်းရာတွင် ယင်းသို့ဖော်ပြခဲ့ခြင်းဖြစ်သည်။
၄င်းတို့သည် ထရမ့်၏ မဲဆွယ်မန်နေဂျာဟောင်း ပေါလ်မန်နာဖို့တ်ကိုလည်း စုံစမ်းခဲ့ကြပြီး မန်နာဖို့တ်၏အပြည့်အဝပူးပေါင်းမှုကြောင့် ထောင်ဒဏ်ချမှတ်ခြင်းမှ ကင်းလွတ်ခွင့်ပေးသင့်ကြောင်းလည်း ထောက်ခံခဲ့ကြပြီးဖြစ်သည်။
သမ္မတသည် ၄င်းထုတ်ပြန်ခဲ့သည်ထက် နှုတ်ပိတ်ခအရေးကို ပိုမိုအာရုံစိုက်ခဲ့ပုံရကြောင်း ရှေ့နေများက ယုံကြည်သည်ဟု အစိုးရရှေ့နေဟောင်း မိုက်ကယ်ဇီလ်ဒင်က ပြောဆိုခဲ့သည်။ မိုက်ကယ်ကိုဟင်အပေါ် ဒီဇင်ဘာ ၁၂ ရက်တွင် မန်ဟက်တန်ရှိ ခရိုင်တရားရုံးက အမိန့်ချမှတ်မည်ဖြစ်၍ အစိုးရရှေ့နေများ တင်သွင်းရသည့် စုံစမ်းရေး မှတ်စုများတွင် ယင်းသို့ ပါဝင်ခဲ့ခြင်းဖြစ်သည်။
ထရမ့်နှင့်ငြိစွန်းခဲ့သည့် အပြာရုပ်ရှင်သရုပ်ဆောင်ဟောင်း စထရွမ်မီ ဒဲနီရယ်နှင့် ပလေးဘွိုင်းမယ်ဟောင်း ကာရန် မက်ဒေါဂဲလ်တို့အတွက် ထရမ့်ညွှန်ကြားချက်အရ ထရမ့်ကိုယ်စားနှုတ်ပိတ်ခပေးချေခဲ့ရကြောင်း ကိုဟင်က ထွက်ဆိုခဲ့ပြီး ၄င်းတွင်အပြစ်ရှိကြောင်းလည်း သြဂုတ်လတွင် ဝန်ခံခဲ့သည်။
ကိုဟင်သည် လူလိမ်လူညာတစ်ဦးဖြစ်ပြီး အမှုအပေါ် ထပ်မံ ထည့်သွင်းသည့်အချက်အလက်များသည် တန်ဖိုးမရှိကြောင်း အိမ်ဖြူတော်ဘက်က ထုတ်ပြန်ခဲ့သည်။

















