မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယားမဲခွဲပွဲ အခမ်းအနားကို ဒီဇင်ဘာ ၈ရက်က နေပြည်တော်၌ ကျင်းပခဲ့ရာ မြန်မာတက္ကသိုလ်ဘောလုံးအသင်းသည် အဖွင့်ပွဲ၌ လာအိုအသင်းနှင့် တွေ့ဆုံလျက်ရှိနေသည်။
အုပ်စုပတ်လည်
အာဆီယံတက္ကသိုလ်များဘောလုံးပြိုင်ပွဲကို အိမ်ရှင်မြန်မာအသင်းနှင့်အတူ ထိုင်း၊မလေးရှား၊စင်ကာပူ၊ လာအိုတက္ကသိုလ် လက်ရွေးစင်အသင်းများ အုပ်စုပတ်လည်စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒီဇင်ဘာ ၉ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ အုပ်စုအဖွင့်ပွဲအဖြစ် ဒီဇင်ဘာ ၉ရက် မွန်းလွဲ ၃နာရီတွင် စင်ကာပူနှင့် ထိုင်းအသင်းတို့ယှဉ်ပြိုင်ပြီးနောက် ည ၆နာရီခွဲ၌ မြန်မာနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ယှဉ်ပြိုင်ကြမည်
အုပ်စုဒုတိယပွဲအဖြစ် ဒီဇင်ဘာ၁၀ရက် မွန်းလွဲ ၃နာရီတွင် ထိုင်းနှင့် မလေးရှား၊ ည၆နာရီခွဲတွင် စင်ကာပူနှင့်မြန်မာအသင်း၊ အုပ်စုတတိယပွဲအဖြစ် ဒီဇင်ဘာ၁၂ရက် မွန်းလွဲ ၃နာရီတွင်မလေးရှားနှင့် စင်ကာပူ၊ ည၆နာရီခွဲတွင် လာအိုနှင့် ထိုင်း၊ အုပ်စုစတုတ္ထပွဲအဖြစ် ဒီဇင်ဘာ ၁၄ရက် မွန်းလွဲ ၃နာရီတွင် လာအိုနှင့် စင်ကာပူ၊ ည၆နာရီခွဲတွင် မြန်မာနှင့် မလေးရှား၊ အုပ်စုနောက်ဆုံးပွဲအဖြစ် ဒီဇင်ဘာ ၁၆ရက် မွန်းလွဲ ၃နာရီတွင် ထိုင်းနှင့် မြန်မာ၊ ည၆နာရီခွဲတွင် မလေးရှားနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အုပ်စုတွင်း အမှတ်အများဆုံးနှစ်သင်းမှာ ဗိုလ်လုပွဲယှဉ်ပြိုင်ရမည်ဖြစ်ပြီး တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၉ရက်၌ ကျင်းပမည်ဖြစ်သည်။ပွဲစဉ်များအားလုံးကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။















