လပေါ်ရှိ မစူးစမ်းရသေးသည့်ဘက်ခြမ်း၌ လေ့လာမည့် အာကာသယာဉ်ပါရှိသည့် ဒုံးပျံတစ်စီးကို တရုတ်နိုင်ငံက ဒီဇင်ဘာ ၈ ရက်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည်။
စီချွမ်ပြည်နယ်၊ ဇီချန်ဂြိုဟ်တုလွှတ်တင်ရေးဗဟိုစခန်းမှ မနက် ၂ နာရီကျော်တွင် လစူးစမ်းရေးယာဉ်ကို တင်ဆောင်ထားသည့် လောင်းမတ်ချ် ၃ ဘီ ဒုံးပျံကို လွှတ်တင်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ကြေညာခဲ့သည်။
ချန်အီ ၄ ခရီးစဉ်ဟုဆိုသည် ယင်းခရီးစဉ်ဖြင့် လ၏အမှောင်ဘက်ခြမ်းသို့ အောင်မြင်စွာ ပထမဆုံးဆင်းသက်နိုင်ရန် တရုတ်က မျှော်မှန်းထားသည်။
တရုတ်သည် ယူတု သို့မဟုတ် ကျောက်စိမ်းယုန် အမည်ရှိ လူမဲ့လဆင်းယာဉ်ကို ၂၀၁၃ ခုနှစ်က လပေါ်ချထားနိုင်ခဲ့သည်။ လာမည့်နှစ်၌ ချန်အီ ၅ ခရီးစဉ်ဖြင့် ယူတု က ရယူထားသည့် နမူနာများနှင့်အတူ ပြန်လည်သယ်ဆောင်မည်ဖြစ်သည်။
ယခု ချန်အီ ၄ ခရီးစဉ်တွင်လည်း လဆင်းယာဉ်တစ်စီး ပါရှိသွားပြီး လမျက်နှာပြင်ကို စူးစမ်းမည်ဖြစ်သလို ပိုးချည်မျှင်ကောင်ဥများနှင့် သစ်စေ့များလည်း သယ်ဆောင်သွားသည်။ ကမ္ဘာနှင့် ပိုမိုဝေးကွာသည့် လမျက်နှာပြင်အခြမ်းသည် ကမ္ဘာဂြိုဟ်၏ အမြင့်ပိုင်းလေထု၊ လူလုပ်ရေဒီယိုလှိုင်းနှင့် ရေဒီယိုသတ္တိကြွ အနှောင့်အယှက်များ ကင်းလွတ်သည်ဟု သိရသည်။
တရုတ််သည် လူလိုက်ပါသည့် အာကာသခရီးစဉ်ကို ၂၀၀၃ ခုနှစ်တွင် လွှတ်တင်ခဲ့ခြင်းဖြင့် ရုရှားနှင့် အမေရိကန်နောက် တတိယမြောက် အာကာသသို့ ခြေဆန့်နိုင်သူဖြစ်လာခဲ့သည်။

















