မန္တလေး - ရန်ကုန် ရထားပေါ်လိုက်ပါလာသည့် ထိုင်းဘုန်းကြီး၏ ငွေနှင့်ပစ္စည်းများ ခိုးယူခံရ

မန္တလေး - ရန်ကုန် ရထားပေါ်လိုက်ပါလာသည့် ထိုင်းဘုန်းကြီး၏ ငွေနှင့်ပစ္စည်းများ ခိုးယူခံရ

မန္တလေးမှ ရန်ကုန် အစုန်ရထားပေါ်လိုက်ပါလာသည့် ထိုင်းဘုန်းကြီး၏ နိုင်ငံခြားငွေနှင့်ပစ္စည်းများပါ လွယ်အိတ်ကို ခိုးယူခဲ့သူကို အေလာနယ်မြေရဲစခန်းနှင့်ရထားရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းဖမ်းဆီးနိုင်ခဲ့သည်။ 

ဒီဇင်ဘာ ၅ ရက်နေ့ည ၁၁ နာရီ မိနစ်၄၀အချိန် မန္တလေးမှ ရန်ကုန်သို့ထွက်ခွာလာသော အမှတ်(၄) အစုန်အမြန်ရထားသည် လယ်ဝေးမြို့နယ်၊ အေလာဘူတာသို့ဝင်ခါနီးတွင် အိပ်စင်တွဲအခန်း (B)မှ လိုက်ပါလာသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ ထိုင်းနိုင်ငံသား ဘုန်းကြီး CHAIWAT(၄၆)နှစ်၏ သာသနာ့လွယ်အိတ် ခိုးယူခံရခြင်းဖြစ်သည်။
ထိုသို့ခိုးယူခံရကြောင်း ရထားတွဲထိန်း လှိုင်မိုးအေးထံ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ 
သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ အဆိုပါလွယ်အိတ်အတွင်း ထိုင်းနိုင်ငံကူး ပတ်စ်ပို့တစ်ခု၊ Mr. CHAIWAT အမည်ပါ ထိုင်းနိုင်ငံသားမှတ်ပုံတင်တစ်ခု၊ Raybin တံဆိပ်ပါအနက် ရောင် မျက်မှန် တစ်လက်(ကာလတန်ဖိုးငါးသိန်းကျပ်)၊ ထိုင်းသာသနာ့ဝန်ထမ်းကတ်တစ်ခု၊ ထီးတစ်လက်၊ Power Bankတစ်ခု၊ မြန်မာငွေရှစ်သောင်း၊ အမေရိကန်ဒေါ်လာ(၆၀) စုစုပေါင်းကျပ် ၆၇၀ဝ၀ဝ ဖိုးခန့် ပျောက် ဆုံးခိုးယူခံရကြောင်းသိရသဖြင့် အေလာနယ်မြေရဲစခန်းက (ပ)၁၈၈/ ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။ 
အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းနေစဉ် ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အေလာဘူတာ၌ ရထားပေါ်ဈေးလိုက်လံရောင်းချနေသည့် ပျဉ်းမနားမြို့နေ ကျော်ရဲအောင်ဆိုသူသည် ဒေါ်လာငွေများကိုင်တွယ်နေကြောင်း သတင်းရရှိခဲ့သည်။
ထို့ကြောင့် ရထားရဲတပ်ဖွဲ့က နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ နယ်မြေ(၁၆)တွင်နေထိုင်သည့် ကျော်ရဲအောင် (၂၃ နှစ်)၏နေအိမ်ကိုဝင်ရောက်ရှာဖွေခဲ့သည်။ 
၄င်းကို စုံစမ်းစစ်ဆေးချက်အရ အမှတ်(၄)အစုန်အမြန်ရထားပေါ်တွင် လိုက်ပါစီး နင်းလာသော ထိုင်း ဘုန်းတော်ကြီးတစ်ပါးထံမှ လွယ်အိတ်ကို ခိုးယူခဲ့ကြောင်း၊ ၄င်းအိတ်အတွင်းပါပစ္စည်းများအား နေအိမ်အိပ်ခန်းအတွင်းရှိပလပ်စတစ်ပုံးအတွင်းဝှက်သိမ်းထားကြောင်း ထွက်ဆိုခဲ့သည်။ 
သက်ဆိုင်ရာက ၄င်းခိုးယူခဲ့သည့် ပစ္စည်းများကို သိမ်းဆည်းရာ အမေရိကန်ဒေါ်လာ (၆၀)ဒေါ်လာ၊ထိုင်းဘတ်ငွေ(၉၆၀)ဘတ်၊ မြန်မာငွေခုနစ်သိန်းကျပ်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

သက်သေခံပစ္စည်းများထဲမှ ကျန်ရှိနေသည့် နိုင်ငံကူးလက်မှတ်၊ သာသနာဝင်ကတ်၊ ပါဝါဘဏ်၊မျက်မှန်နှင့် ထိုင်းနိုင်ငံသားမှတ်ပုံတင်တစ်ခုပါ လွယ်အိတ်တို့ကို ပျဉ်းမနားဘူတာနှင့် ပြည်ဝင်ဘူတာ ကြားရထားပေါ်ရှိအိမ်သာပေါက်မှတစ်ဆင့်လွှင့်ပစ်ခဲ့ကြောင်းသိရသဖြင့် ဆက်လက်သိမ်းဆည်းရမိခဲ့သည်။ အဆိုပါပစ္စည်းများကို ပစ္စည်းပိုင်ရှင်ထိုင်းဘုန်းကြီး CHAIWAT ထံသို့ သက်ဆိုင်ရာက ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။