ပြင်သစ်နိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်ရေးဆန္ဒပြ အကြမ်းဖက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၁၃၅ ဦး ဒဏ်ရာရပြီး ၁၀ဝ၀ နီးပါးထိန်းသိမ်းခဲ့ကြောင်း အစိုးရကကြေညာလိုက်ရင်း ဆန္ဒပြသူများနှင့် ဆက်လက်ဆွေးနွေးပြီး အမျိုးသားစည်းလုံးမှု ပြန်လည်ရယူမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အက်ဒဝပ်ဖိလစ်က ပြောဆိုခဲ့သည်။
ဒဏ်ရာရရှိသူများထဲတွင် ရဲအရာရှိ ၁၇ ဦးလည်း ပါဝင်ပြီး လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့် ဆန္ဒပြအကြမ်းဖက်မှု ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖာ ကက်စတာနာက ပြောဆိုခဲ့သည်။
ပါရီတစ်မြို့တည်းတွင် ဒီဇင်ဘာ ၈ ရက်က အဝါရောင် ရောင်ပြန်ဝတ်စုံဝတ်ဆန္ဒပြသူ ၁၀ဝ၀ ခန့်ရှိခဲ့ကာ နိုင်ငံတစ်ဝန်းဆန္ဒပြသူပေါင်း ၁၂၅၀ဝ၀ ရှိခဲ့သည်။
အချို့ဆန္ဒပြသူများက စတိုးဆိုင်ပြတင်းများကို ရိုက်ခွဲခဲ့ပြီး တာယာများမီးရှို့ခဲ့ကြ၍ ရဲတပ်ဖွဲ့နှင့် အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။
ရဲများကလည်း သံချပ်ကာကားများအကူအညီဖြင့် မျက်ရည်ယိုဗုံးများအသုံးပြု လူစုခွဲခဲ့သည်။
ဆန္ဒပြသူများသည် သမ္မတ ဧမာနွေလ မာခရွန် နှုတ်ထွက်ပေးရေးနှင့် အရေးပေါ်ရွေးကောက်ပွဲကျင်းပပေးရေးကိုပါ တောင်းဆိုခဲ့သည်။
စက်သုံးဆီအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုအပေါ် ကန့်ကွက်ခဲ့ရာမှ ကျယ်ပြန့်လာသည့် ဆန္ဒပြမှုများသည် လေးပတ်ထဲရောက်ရှိလာပြီဖြစ်ပြီး အခွန်များက အမျိုးသားစည်းလုံးမှုကို မဖျက်ဆီးနိုင်ကြောင်း၊ ဆန္ဒပြသူများနှင့် ငြိမ်းချမ်းစွာဆွေးနွေးလျက် အမျိုးသားစည်းလုံးညီညွတ်မှု ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အက်ဒဝပ်ဖိလစ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
မာခရွန်အစိုးရသည် လူကြိုက်နည်းသည့် စက်သုံးဆီအခွန်တိုးမြှင့်ခြင်းကို ရပ်ဆိုင်းထားခဲ့သည်။ ပြင်သစ်တွင် ဒီဇယ်ဆီကိုအသုံးများခြင်းကြောင့် ယာဉ်မောင်းအများစု ယင်းဆီဈေးတက်မည်ကို မလိုလားကြပေ။
ဆန္ဒပြသူများက ၄င်းတို့သည် လျစ်လျူရှုခံခဲ့ရကြောင်း ပြောဆိုရင်း မာခရွန်အစိုးရသည် လူချမ်းသာများအစိုးရဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

















