နယူးဇီလန်၌ ပျောက်ဆုံးနေသည့် ဗြိတိန်ခရီးသွားအမျိုးသမီးဟု ယူဆရသည့်အလောင်း သစ်တောတွင်း တွေ့ရှိ

နယူးဇီလန်၌ ပျောက်ဆုံးနေသည့် ဗြိတိန်ခရီးသွားအမျိုးသမီးဟု ယူဆရသည့်အလောင်း သစ်တောတွင်း တွေ့ရှိ

နယူးဇီလန်တွင် ပျောက်ဆုံးနေသည့် အသက် ၂၂ နှစ်အရွယ် ဗြိတိန်ကမ္ဘာလှည့်ခရီးသည်အမျိုးသမီး ဂရေ့စ်မီလိန်း၏ အလောင်းဟုယူဆရသည့် အလောင်းတစ်လောင်းကို သစ်တောထူထပ်သည့်နေရာတစ်ခုတွင် ရဲတပ်ဖွဲ့က တွေ့ရှိထားပြီဖြစ်သည်။

အုတ်ကလန်မြို့အနီး ဝိတ်တာကီရီရိန်းဂျားဒေသ ကားလမ်းနံဘေး ၁၀ မီတာ(၃၃ ပေ)ခန့်အကွာ တောအုပ်ထဲတွင် အလောင်းကို ဒီဇင်ဘာ ၉ ရက်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
မီလိန်းသည် ၄င်း၏မွေးနေ့ ဒီဇင်ဘာ ၂ ရက် မတိုင်မီ ဒီဇင်ဘာ ၁ ရက်ကတည်းက မိသားစုနှင့်အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးခဲ့သည်။ 
ဒီဇင်ဘာ ၈ ရက်တွင် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို လူသတ်မှုသံသယဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။မီလိန်း၏ ဖခင်ဖြစ်သူလည်း ဗြိတိန်မှနေ၍ နယူးဇီလန်သို့ ရောက်ရှိနေပြီဖြစ်သည်။
    မီလိန်းသည် ပီရူးမှစတင်သည့် တစ်နှစ်ကြာမည့် ခရီးစဉ်ဖြင့် လွန်ခဲ့သည့်လက နယူးဇီလန်သို့ ရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၁ ရက်က ၄င်းကိုအမျိုးသားတစ်ဦးနှင့် အုတ်ကလန်မှ ဟိုတယ်တစ်ခုတွင် နောက်ဆုံးမြင်တွေ့ခဲ့ရသည်။ 
၄င်းသည် ကျောပိုးအိတ်ခရီးသွားများ အသုံးများသည့် ဈေးချိုသည့်ဟိုတယ်တွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။မီလိန်းကိုသတ် ဖြတ်ခဲ့ပြီး အလောင်းကို ယခုတွေ့ရှိသည့်နေရာသို့ ငှားထားသည့်ကားတစ်စီးဖြင့် သယ်ဆောင်လာပုံ ရကြောင်း နယူးဇီလန်ရဲစုံထောက် စကော့ဘရက်က ပြောဆိုခဲ့သည်။

အလောင်းအား မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ရဦးမည်ဖြစ်ပြီး ဖမ်းဆီးစစ်မေးခံရသူသည် ဟိုတယ်တွင် မီလိန်းနှင့်တွေ့ဆုံခဲ့သူ ဟုတ်မဟုတ်မူ ရဲက ထုတ်ပြောခဲ့ခြင်း မရှိသေးပေ။ 
နယူးဇီလန်သည် ရာဇဝတ်မှုနည်းပါးပြီး ကမ္ဘာပေါ်တွင် အငြိမ်းချမ်းဆုံးနိုင်ငံတစ်ခုဖြစ်၍ ဗြိတိန်ခရီးသွား အမျိုးသမီး ပျောက်ဆုံးမှုနှင့် သတ်ဖြတ်ခံခဲ့ရခြင်းအတွက် စိုးရိမ်ပူပန်နေကြသည်။