တိုင်းရင်းသားမလေးလူမျိုးများ၏ အခွင့်ထူးခံအခြေအနေများ မဆုံးရှုံးရရေး ဆန္ဒပြ

တိုင်းရင်းသားမလေးလူမျိုးများ၏ အခွင့်ထူးခံအခြေအနေများ မဆုံးရှုံးရရေး ဆန္ဒပြ

မလေးရှားနိုင်ငံ၌ တိုင်းရင်းသားမလေးလူမျိုးများ ရရှိနေသည့် အခွင့်ထူးခံအခြေအနေများကို မဆုံးရှုံးစေရေးအတွက် မြို့တော် ကွာလာလမ်ပူ၌ ဒီဇင်ဘာ ၈ ရက်တွင် မလေးရှားနိုင်ငံသားမွတ်စလင်ထောင်ပေါင်းများစွာသည် ချီတက်တောင်းဆိုမှုများကိုပြုလုပ်ခဲ့သည်။

ချီတက်ပွဲကို  မလေးရှားရှိ အင်အားအကြီးဆုံး အတိုက်အခံပါတီကြီးနှစ်ခုကထောက်ခံထားသည်။ ချီတက်ပွဲတက်ရောက်သူများသည် ကုလသမဂ္ဂ၏ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးစာချုပ်ကို အစိုးရအတည်မပြုရေးအတွက် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ စာချုပ်ကြောင့် တိုင်းရင်းသားမလေးများအား အခြားလူမျိုးများထက် အခွင့်အရေးပိုမိုပေးနေသည့် ဆယ်စုနှစ်များစွာကြာမူဝါဒ မသက်ရောက်နိုင်တော့မည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။ စာချုပ်ကိုအတည်ပြုမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီဖြစ်သော်လည်း စီစဉ်သူများကမူ ကျေးဇူးတင်သည့်အနေဖြင့် ချီတက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    လူမျိုးပေါင်းစုံနေထိုင်သည့် မလေးရှား၌ လူသေဆုံးမှုများခဲ့သည့် လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားခဲ့ချိန် ၁၉၆၉ ခုနှစ်မှစ၍ လူမျိုးရေးပဋိပက္ခမဖြစ်ပွားသလောက်ရှိခဲ့သည်။ လူနည်းစုဝင်တရုတ်လူမျိုးများနှင့် နှိုင်းယှဉ်လျှင် ဆင်းရဲချမ်းသာကွာဟချက်နည်းပါးသွားရေးအတွက် ၁၉၇၀ ပြည့်နှစ်တွင် အစိုးရသည် မလေးလူမျိုးများအား အလုပ်အကိုင်၊ ပညာရေးနှင့် အိမ်ရာဆိုင်ရာကိစ္စရပ်များတွင် ပိုမိုမျက်နှာသာပေးမည့် အစီအစဉ်ကို စတင်ကျင့်သုံးခဲ့သည်။ 
မလေးရှားနိုင်ငံသား ၃၂ သန်းအနက် သုံးပုံနှစ်ပုံနီးပါးမှာ မလေးလူမျိုးများဖြစ်ပြီး တရုတ်နှင့် အိန္ဒိယနိုင်ငံသားများလည်း နေထိုင်ကြသည်။
    ကွာလာလမ်ပူအပြင်ဘက် ဆင်ခြေဖုံးရှိ အိန္ဒိယဘုရားကျောင်းတစ်ကျောင်း၌ လွန်ခဲ့သော နှစ်ပတ်ခန့်တွင် အဓိကရုဏ်းဖြစ်ပွားခဲ့မှုကြောင့် လူ ၈၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ချီတက်ပွဲရှိလာခဲ့ခြင်းဖြစ်သည်။ 
အဓိကရုဏ်းသည် မြေပိုင်ဆိုင်ရာအငြင်းပွားခြင်းဖြစ်ပြီး လူမျိုးရေးအဓိကရုဏ်းမဟုတ်ကြောင်း အစိုးရက ပြောဆိုခဲ့သည်။ သို့သော် ဒီဇင်ဘာ ၈ ရက် ချီတက်ပွဲတွင် ပါဝင်သူများအနေဖြင့် လူမျိုးရေးတင်းမာမှုများပေါ်ပေါက်စေရေးအတွက် လှုံ့ဆော်မှုများမပြုရန် ကြိုတင်သတိပေးခဲ့သည်။
    ဒီမိုကရေစီစနစ်၏တစ်စိတ်တစ်ပိုင်းအဖြစ် ချီတက်မှုများကို ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ငြိမ်ဝပ်ပိပြားမှုမပျက်အောင် ချီတက်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ကသတိပေးပြောဆိုခဲ့သည်။ 
ချီတက်ပွဲအတွက် ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ခဲ့သော်လည်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ချီတက်ပွဲပြီးဆုံးခဲ့သည်။