ပီရူးတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ

ပီရူးတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ပြည်သူ့ဆန္ဒခံယူပွဲကျင်းပ

ပီရူးနိုင်ငံအတွင်းလွှတ်တော်အမတ်များ၊ တရားသူကြီးများနှင့် သမ္မတဟောင်းများပါ ထောင်ဒဏ်များစီရင်ခံရလောက်အောင် ထူပြောနေသောအကျင့်ပျက်ခြစားမှုများအဆုံးသတ်ရေးအတွက် ဥပဒေပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြည်သူ့ဆန္ဒခံယူပွဲကိုဒီဇင်ဘာ ၉ တွင် ကျင်းပခဲ့သည်။ 

ဥပဒေပြုအမတ်များရာထူးမှ ဆင်းပြီးနောက် ချက်ချင်း ပြန်လည်ရွေးကောက်ခံခြင်းကိုတားမြစ်ရန်၊ ရွေးကောက်ပွဲရန်ပုံငွေ အသုံးပြုမှုများကိုစည်းကမ်းတင်းကျပ်ရန်၊ အကျင့်ပျက်ခြစားမှုများဖြင့် နာမည်ပျက်နေသည့် တရားသူကြီးရွေးချယ်ခန့်ထားရေးအဖွဲ့ကို ပြုပြင်ဖွဲ့စည်းရန် အဆိုများကိုသဘောထားခံယူခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးသုံးသပ်သူများကမူ ပြည်သူ့ဆန္ဒခံယူပွဲသည် ပီရူးတွင် ဆယ်စုနှစ်များစွာအမြစ်တွယ်နေသော စနစ်ဆိုးကိုအမြစ်ဖြုတ်ရန် ရာနှုန်းပြည့် မမျှော်လင့်နိုင်သေးဟု ဆိုထားကြသည်။ 
    ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း ပီရူးနိုင်ငံရေးလောကသည် အိုဒီဘရတ် ကုမ္ပဏီလာဘ်ပေးမှုအရှုပ်တော်ပုံကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သည်။

ဘရာဇီးအခြေစိုက် အိုဒီဘရက် ကုမ္ပဏီသည် လက်တင်အမေရိကဒေသနိုင်ငံများအတွင်း အစိုးရကန်ထရိုက်များရရှိစေရန် နိုင်ငံရေးထိပ်သီးအများအပြားကို ဒေါ်လာသန်း ၈၀ဝ ထိလာဘ်ပေးခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် နိုင်ငံအများအပြားတွင် စုံစမ်းအရေးယူမှုများ ပြုခဲ့သည်။ 
    ပီရူးတွင်လည်းအိုဒီဘရတ် အရှုပ်တော်ပုံ၌ သမ္မတဟောင်းလေးဦးစလုံးပါဝင်ပတ်သက်နေကြောင်း တွေ့ရပြီး စုံစမ်းစစ်ဆေးခံရလျက်ရှိသည်။

သမ္မတဟောင်းပီဒရိုပတ်ဘလိုကူဇင်စကီးသည်လည်း ၎င်း၏ အကြံပေးအတိုင်ပင်ခံလုပ်ငန်းနှင့် အိုဒီဘရတ်တို့ကြား ပတ်သက်ခဲ့မှုများကို အတိုက်အခံများကဖွင့်ချမှုကြောင့် ယခုနှစ် မတ်လတွင် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ 
    လက်တင်ပြဒါးတိုင် အမည်ရှိလွတ်လပ်သော စစ်တမ်းတစ်ရပ်ကလည်း ပီရူး နိ်ုင်ငံသား ၈ ရာခိုင်နှုန်းသည်သာ နိုင်ငံရေးနှင့် တရားရေးစနစ်အပေါ် အယုံအကြည်ရှိကြောင်း ဖော်ပြထားရာ ဒေသတွင်း၌ အနိမ့်ဆုံးနှုန်းဖြစ်ကြောင်းလည်း တွေ့ရသည်။