ကုလသမဂ္ဂရာသီဥတုညီလာခံကျင်းပနေသည့် မြို့၌ လူထောင်သောင်းချီပြီး ချီတက်ဆန္ဒပြ

ကုလသမဂ္ဂရာသီဥတုညီလာခံကျင်းပနေသည့် မြို့၌ လူထောင်သောင်းချီပြီး ချီတက်ဆန္ဒပြ

ကုလသမဂ္ဂ၏ရာသီဥတုဆိုင်ရာညီလာခံကျင်းပနေသည့် ပိုလန်နိုင်ငံ ကာတိုဗစ်မြို့၌ ဒီဇင်ဘာ ၈ ရက်တွင် ကမ္ဘာတစ်ဝန်းမှ လူထောင်ပေါင်းများစွာပါဝင်သော ချီတက်ပွဲကိုပြုလုပ်ခဲ့ပြီး ကမ္ဘာကြီးပူနွေးလာမှုလျှော့ချရေးအတွက် သက်ဆိုင်ရာနိုင်ငံအစိုးရများ အရေးတယူလုပ်ဆောင်လာရန် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။

ဆန္ဒပြသူများတွင် လက်တင်အမေရိကမှ လယ်သမားများ၊ အာရှမှ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများ၊ အမေရိကန်ပြည်ထောင်စုမှ ကျောင်းသားများနှင့် ဥရောပမှ မိသားစုများပါဝင်ခဲ့သည်။ 
ရာသီဥတုပြောင်းလဲမှုက ၎င်းတို့၏ဘဝများအပေါ် သက်ရောက်မှုရှိနေပြီဖြစ်ကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။
    ရာသီဥတုပြောင်းလဲခြင်းသည် ၎င်းအစိုးရိမ်ဆုံးကိစ္စဖြစ်ပြီး ဖခင်တစ်ဦးဖြစ်ပြီး သမီးဖြစ်သူ ကောင်းမွန်စွာနေထိုင်ရရေးအတွက် ယခုကဲ့သို့ တောင်းဆိုဆန္ဒပြနေခြင်းဖြစ်ကြောင်း သမီးဖြစ်သူနှင့် ချီတက်ခဲ့သည့် မီချယ် ဒါဘရောစကီးက ပြောဆိုခဲ့သည်။

ဆန္ဒပြသူများသည် ကာတိုဗစ်ရှိ ရင်ပြင်တစ်ခုတွင် စုဝေးပြီးနောက် ၂၀၁၅ ခုနှစ် ပါရီရာသီဥတုသဘောတူညီချက်အကောင်အထည်ဖော်ရေး နိုင်ငံပေါင်း ၂၀ဝ နီးပါးမှ ကိုယ်စားလှယ်များဆွေးနွေးနေသည့် နေရာသို့ ချီတက်ခဲ့ကြသည်။
    ဆန္ဒပြသူတချို့သည် မျိုးသုဉ်းလုနီးလူဝံပုံစံဝတ်ဆင်ခဲ့ပြီး တချို့ကလည်း ကာတိုဗစ်၌ လေထုညစ်ညမ်းမှုကိုပေါ်လွင်စေရန် မျက်နှာဖုံးများကို တပ်ဆင်ခဲ့သည်။ 
ကာဆိုဗစ်သည် ပိုလန်ရှိ ကျောက်မီးသွေးတွင်းများရှိရာ ဆီလဲစီယာဒေသ၌ တည်ရှိသည်။
    ဝင်ရိုးစွန်းဝက်ဝံပုံစံဝတ်ဆင်ထားသူတစ်စုကိုမူ ရုပ်ကြွင်းလောင်စာများနေရာတွင် နျူစွမ်းအင်ကိုအစားထိုးသင့်ကြောင်း ပြောဆိုခဲ့သည့်အတွက် ချီတက်ပွဲမှ ထွက်ခွာစေခဲ့သည်။

ရာသီဥတုဆိ်ုင်ရာချီတက်ပွဲသည် ငြိမ်းချမ်းစွာဖြင့် ပြီးဆုံးခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များနှင့်ထိပ်တိုက်ဆုံခဲ့သည့်သူ သုံးဦးမှာမူ ထိန်းသိမ်းခံခဲ့ရကြောင်း ကာတိုဗစ်ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။
    ကမ္ဘာကြီး၏အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီဆဲစီးယပ်စ်( ၂ ဒသမ ၇ ဒီဂရီ ဖာရင်ဟိုက်) အောက်လျှော့ချထားနိုင်ရေး လျာထားချက်ပြည့်မီအောင် အပြင်းအထန်လုပ်ဆောင်ရန်လိုအပ်နေကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာနိုင်ငံတကာအထူးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။