အိမ်ဖြူတော် ဝန်ထမ်းရေးရာဦးစီးမှူး ဂျွန် ကယ်လီသည် ယခုနှစ်ကုန်တွင် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အသိပေးကြေညာသည်။
မစ္စတာကယ်လီသည် ရာထူးမှ နုတ်ထွက်ရန် တောက်လျှောက် ဖိအားပေးခံရလျက်ရှိကြောင်း သတင်းများလည်း ပြီးခဲ့သည့် သီတင်းပတ်များကတည်းကထွက်ပေါ်နေခဲ့ခြင်း ဖြစ်သည်။
ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း မစ္စတာကယ်လိနှင့် သမ္မတထရမ့် ဆက်ဆံရေးသည် ဆိုးရွားသထက် ဆိုးရွားလျက်ရှိကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။
မစ္စတာကယ်လီသည် ထူးချွန်သူဖြစ်ကြောင်း၊ ၎င်း၏ နေရာတွင် အစားထိုးခန့်ထားမည့်သူကိုလာမည့် တစ်ရက် နှစ်ရက်အတွင်းကြေညာမည်ဖြစ်ကြောင်း သမ္မတထရမ့်က ပြောသည်။
သမ္မတထရမ့် တာဝန်ထမ်းဆောင်စဉ်အတွင်း အိမ်ဖြူတော်မှ ၂၈ ဦး နုတ်ထွက် သို့မဟုတ် ဖြုတ်ပယ် ခံခဲ့ရပြီးဖြစ်သည်။
ဒုသမ္မတမိုက်ပန့်ခ်၏ ဝန်ထမ်းရေးရာဦးစီးမှူး နစ်ခ် အာယာသည် အိမ်ဖြူတော် ဝန်ထမ်းရေးရာဦးစီးမှူးအဖြစ် ရာထူးတိုးခံရဖွယ်ရှိကြောင်းလည်း သတင်းများထွက်နေသည်။
ပြီးခဲ့သည့်နှစ်က စုံစမ်းထောက်လှမ်းသတင်းသမားဘော့ ဝုဝါ့ဒ် ရေးသားသောစာအုပ်တွင် မစ္စတာကယ်လီကသမ္မတထရမ့်ကို ငတုံးဟုခေါ်ဖူးကြောင်းရေးသားချက် ပါဝင်ခဲ့ရာ၊ မဟုတ်ကြောင်းမစ္စတာကယ်လီက ငြင်းဆိုခဲ့ရဖူးသည်။
“ဒီလူကိုဘာကိစ္စဖြစ်ဖြစ် နားသွင်းဖို့ မကြိုးစားနဲ့။ အလကားပဲ” ဟု မစ္စတာကယ်လီက သမ္မတထရမ့်ကိုရည်ညွှန်းပြောကြောင်းလည်း စာအုပ်တွင် ဖော်ပြထားသည်။
သမ္မတထရမ့်သည် မစ္စတာကယ်လီကိုအမိမြေလုံခြုံရေးဌာနအကြီးအကဲအဖြစ် ကနဦးအမည်စာရင်းတင်သွင်းခဲ့ပြီး ဇူလိုင်တွင် ရာထူးတိုးကာအိမ်ဖြူတော် ဝန်ထမ်းရေးရာဦးစီးမှူးအဖြစ် ခန့်ထားခဲ့ခြင်းဖြစ်သည်။

















