အစ္စရေးစစ်သည်များက ဆန္ဒပြပါလက်စတိုင်းများ၏ ခြေထောက်များကို အဓိကထားပစ်ခတ်ဟု ဆို

အစ္စရေးစစ်သည်များက ဆန္ဒပြပါလက်စတိုင်းများ၏ ခြေထောက်များကို အဓိကထားပစ်ခတ်ဟု ဆို

ဂါဇာကမ်းမြောင်ဒေသနှင့် အစ္စရေးနယ်စပ်တစ်လျှောက် ဆန္ဒပြမှုများပြုလုပ်နေသည့် ပါလက်စတိုင်းသားများ၏ခြေထောက်များကို အစ္စရေးလက်ဖြောင့်တပ်သားများက အဓိကထားပစ်ခတ်မှုပြုလုပ်နေကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောဆိုခဲ့သည်။

ကျောက်ခဲများ၊ လက်ပစ်ဗုံးများနှင့် မီးလောင်ဗုံးများဖြင့် တိုက်ခိုက်နေသည့် ပါလက်စတိုင်းသားများအား တုံ့ပြန်နေရခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်ကပြောဆိုခဲ့သည်။

ကျည်ဆန်အစစ်ဖြင့်ပစ်ခတ်ခြင်းကို နောက်ဆုံးအနေဖြင့် ကျင့်သုံးခြင်းဖြစ်ပြီး တားဆီးနိုင်ရေးအတွက် ခြေထောက်ကိုပစ်ခတ်ရခြင်းဖြစ်ကြောင်း စစ်တပ်ကပြောဆိုခဲ့သည်။
    သို့သော် အစ္စရေးစစ်သည်များ၏ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းသား ၁၇၅ ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း အေပီသတင်းဌာနကဖော်ပြခဲ့သည်။ 
ဂါဇာရှိ ဆေးရုံနှင့် ဆေးခန်းများ၌ ကုသမှုခံယူနေရသည့် ဆန္ဒပြသူ ၁၀၅၁၁ ဦးအနက် ၆၀ ရာခိုင်နှုန်းသို့မဟုတ် ၆၃၉၂ ဦးသည် ခြေထောက်များပစ်ခတ်ခံခဲ့ရကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 
၅၈၈၄ ဦးသည် ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး အခြားလူများမှာမူ ရော်ဘာကျည်ဆန်၊ သတ္တုကျည်ဆန်၊ မျက်ရည်ယိုဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
    အေပီသတင်းဌာန၏တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ရာ တချို့က အစ္စရေးစစ်သည်များအား ကျောက်ခဲများ၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း အများစုကမူ လက်နက်မပါဘဲ ဆန္ဒထုတ်ဖော်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

စစ်သည်များအတွက် အသက်အန္တရာယ်မရှိသည့် အခြေအနေတွင် လူကိုသေဆုံးစေသည့် အင်အားသုံးမှုကို ပြုလုပ်ခြင်းသည် စစ်ဘက်ဆိုင်ရာစည်းမျဉ်းချိုးဖောက်လိုက်ခြင်းသာဖြစ်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များကပြောဆိုခဲ့သည်။