နီပေါနိုင်ငံတကာစီရီး ကြက်တောင်ရိုက်ပြိုင်ပွဲ၌ သက်ထားသူဇာ ငွေနှင့်ကြေးတံဆိပ်ဆုများ ဆွတ်ခူး

နီပေါနိုင်ငံတကာစီရီး ကြက်တောင်ရိုက်ပြိုင်ပွဲ၌ သက်ထားသူဇာ ငွေနှင့်ကြေးတံဆိပ်ဆုများ ဆွတ်ခူး

နီပေါနိုင်ငံ ခေတ္တမနူမြို့၌ ကျင်းပခဲ့သည့် Yonex sunrise Nepal international series 2018 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဗိုလ်လုပွဲ၌ ထိုင်းနိုင်ငံမှ ချနမ်ချီဒါကို နှစ်ပွဲ တစ်ပွဲဖြင့်ရှုံးနိမ့်ခဲ့ပြီး ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

တက်လှမ်းနိုင်

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် အဆိုပါပြိုင်ပွဲ (၃၂)ဦးအဆင့်တွင် မော်ရီးရှပ် ကစားသမား နှစ်ပွဲပြတ်ဖြင့် အနိုင်ရပြီး (၁၆)ဦးအဆင့်တွင် အိမ်ရှင်နီပေါ ကစားသမားကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရကာ ကွာတာဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။

ကွာတာဖိုင်နယ်တွင် သိရိလကာင်္ ကစားသမားကို နှစ်ပွဲပြတ်ဖြင့် ထပ်မံအနိုင်ယူပြီး ဆီမီးဖိုင်နယ်တွင် အီရန်ကစားသမားကို နှစ်ပွဲပြတ်ဖြင့် အနိုင်ယူ၍ ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ခဲ့သည်။

ဗိုလ်လုပွဲတွင် သက်ထားသူဇာသည် ကမ္ဘာ့အဆင့် (၇၆)ရှိ  ထိုင်းမှ ချနမ်ချီဒါ နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး နှစ်ပွဲတစ်ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။

ပွဲအပြီးတွင် သက်ထားသူဇာက " ပထမဆုမရခဲ့တဲ့အတွက် အားပေးကြတဲ့ပရိသတ်တွေ အားလုံးကို တောင်းပန်ပါတယ်။ အစကဒီပွဲမှာ ညီမ ဖိုင်နယ်တတ်ခဲ့ရင်တောင် ရိုက်ဖို့အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲရဲ့ ဖိုင်နယ်က ၈ရက်နေ့ရိုက်မှာဖြစ်တယ်၊ ပြီးတော့ အာဆီယံတက္ကသိုလ်များပြိုင်ပွဲကလဲ ၉ ရက်နေ့စရိုက်ရမှာပါ။ ညီမသာဖိုင်နယ် ရိုက်ပြီးမှ နေပြည်တော်ကိုသွားမယ်ဆိုရင် အာဆီယံတက္ကသိုလ်များပြိုင်ပွဲရဲ့ team event ကို မှီမှာမဟုတ်ပါဘူး။ ဒါပေမဲ့အခုလိုညီမကို ဖိုင်နယ် ရိုက်လို့ရအောင် ခွင့်ပြုပေးခဲ့ကြတဲ့  မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်က လူကြီးများနဲ့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးပင် တင်ရှိပါတယ်" ဟု ၎င်း၏ လူမှုကွန်ရက်၌ ပြောဆိုခဲ့သည်။

သက်ထားသူဇာသည် အဆိုပါပြိုင်ပွဲ၏ တစ်ဦးချင်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သလို အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် အီရန်မှ ကြက်တောင်အားကစားမယ်နှင့် ယှဉ်တွဲယှဉ်ပြိုင်ခဲ့ရာ ကြေးတံဆိပ်ရရှိခဲ့ကြောင်း သိရသည်။

သက်ထားသူဇာသည် ပြီးခဲ့သည့် အောက်တိုဘာလက အီဂျစ်နိုင်ငံတွင် ကျင်းပခဲ့သည့် Egypt International Series 2018 တစ်ဦးချင်းပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးခဲ့သူဖြစ်သည်။



ဖတ်ရှုမှုအများဆုံး