သမ္မတဒေါ်နယ်ထရမ့်သည် စွပ်စွဲပြစ်တင်ဖြုတ်ချခံရပြီး ထောင်ဒဏ်ချမှတ်ခံရသည့်အလားအလာ အမှန်တကယ် ရှိကြောင်း ဒီမိုကရက်တစ်ထိပ်တန်းအမတ် အဒမ်ရှစ်ဖ်က ပြောဆိုခဲ့သည်။
ထရမ့်၏ပုဂ္ဂိုလ်ရေးရှေ့နေဟောင်း မိုက်ကယ်ကိုဟင်က ၂၀၁၆ ခုနှစ် မဲဆွယ်ကာလမတိုင်မီတွင် ထရမ့်သည် ၄င်းနှင့် ငြိစွန်းခဲ့ကြောင်းပြောဆိုနေသည့်အမျိုးသမီးနှစ်ဦးကို နှုတ်ပိတ်ခပေးရန် ၄င်းကိုတိုက်ရိုက်ညွန်ကြားခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း အစိုးရရှေ့နေများက ပြီးခဲ့သည့်အပတ်၌ပြောဆိုခဲ့သည်။
ယင်းနောက် ဒီဇင်ဘာ ၉ ရက်တွင် အဒမ်ရှစ်ဖ်က ထရမ့်ရင်ဆိုင်ရနိုင်သည့်အလားအလာကို ပြောဆိုခဲ့ခြင်းဖြစ်သည်။
အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီဥက္ကဌဖြစ်လာနိုင်သည့် အဒမ်ရှစ်ဖ်က ထရမ့်သည် ရာဇဝတ်ကြောင်းဖြင့် စွပ်စွဲခံရပါက သမ္မတအနေဖြင့် ၄င်းကိုယ်၄င်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြင့် လွှတ်တော်တွင် စွပ်စွဲပြစ်တင်ဖြုတ်ချခံရနိုင်သည့်အပြင် ထောင်ဒဏ်နှင့်ပါ ရင်ဆိုင်ရနိုင်သည့် အလားအလာရှိကြောင်း စီဘီအက်စ်ရုပ်သံအင်တာဗျူးတွင် ပြောဆိုခဲ့သည်။
ဒီဇင်ဘာ ၇ ရက်က နယူးယောက်တွင် ပြည်ထောင်စုရှေ့နေများက မိုက်ကယ်ကိုဟင့်အမှုနှင့်ပတ်သက်၍ မှတ်စု တင်ပြရာတွင် ကိုဟင်က အမျိုးသမီးနှစ်ဦးကို နှုတ်ပိတ်ခပေးချေခဲ့ကြောင်း ဝန်ခံချက်၌ ယင်းပေးချေမှုသည် ထရမ့်၏ တိုက်ရိုက်ညွှန်ကြားချက်ကြောင့်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထရမ့်က အမျိုးသမီးများနှင့်ငြိစွန်းမှုသတင်းများကို ငြင်းဆန်ခဲ့ပြီး ရာဇဝတ်ကြောင်းဆက်နွှယ်သည့် မည်သည့် ငွေပေးချေမှုမျှ မပြုခဲ့ကြောင်းလည်း ပြောဆိုထားသည်။ ၄င်း၏ပုဂ္ဂိုလ်ရေးရှေ့နေဟောင်း ကိုဟင်သည် အခွန်ရှောင်မှု၊ ထုတ်ပြန်ချက်အတု ဘဏ်သို့ပေးပို့မှုနှင့် ထရမ့်အတွက် နှုတ်ပိတ်ခပေးမှု၊ မဲဆွယ်အသုံးစရိတ် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု အပါအဝင် အမှုရှစ်မှု ကျူးလွန်ခဲ့ကြောင်း သြဂုတ်လက ဝန်ခံထားသည်။

















