သတင်းသမားမှ တော်လှန်ရေးခေါင်းဆောင်ဖြစ်လာသူ ပါရှင်ယန် အာမေးနီးယားရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိထား

သတင်းသမားမှ တော်လှန်ရေးခေါင်းဆောင်ဖြစ်လာသူ ပါရှင်ယန် အာမေးနီးယားရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိထား

အာမေးနီးယားနိုင်ငံတွင် ဒီဇင်ဘာ ၉ ရက်က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌သတင်းသမားမှ တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးသမားဖြစ်လာပြီး လက်ရှိယာယီဝန်ကြီးချုပ်တာဝန်ယူထားသည့် နီကိုးလ်ပါရှင်ယန် အပြတ်အသတ် အနိုင်ရရှိနေကြောင်း သိရသည်။

ဧပြီလက နိုင်ငံတွင် ငြိမ်းချမ်းသည့်တော်လှန်ရေးတစ်ရပ်ကိုခေါင်းဆောင်ခဲ့သည့် ပါရှင်ယန်သည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရန်နှင့် စီးပွားရေးပြုပြင်ပြောင်းလဲရန် ကတိပြုခဲ့ပြီး ၄င်း၏ အများပြည်သူ့ပဋိဉာဉ်ပါတီသည် ဆန္ဒမဲ ၇၀ ရာခိုင်နှုန်းကျော် ရရှိထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုခဲ့သည်။ ပါရှင်ယန်ခေါင်းဆောင်သည့် တော်လှန်ရေးကြောင့် ရီပတ်ဘလီကန်ပါတီဝင်ဖြစ်ပြီး နိုင်ငံကိုဆယ်နှစ်ကြာအုပ်စိုးခဲ့သည့် သမ္မတ ဆတ်ချ်ဆာဆိုင်ယန် နှုတ်ထွက်ခဲ့ရသည်။
    အာဏာလက်လွှတ်ခဲ့ရသည့် ရီပတ်ဘလီကန်ပါတီထိပ်တန်းခေါင်းဆောင်များက ပါရှင်ယန်သည် အာမေးနီးယားကို ၁၉၃၀ ပြည့်နှစ်များက ဂျာမနီအဖြစ် ပြောင်းလဲရန်ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့သည်။ 
၄င်းအပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုက ပါတီစုံဒီမိုကရေစီကို ချည့်နဲ့စေမည်ဖြစ်ကြောင်း ဝေဖန်မှုများလည်းရှိသည်။
    အာမေးနီးယားရွေးကောက်ပွဲများသည် မသမာမှုနှင့် မဲဝယ်မှုများဖြင့် သမိုင်းတွင်နာမည်ပျက်ရှိခဲ့သော်လည်း ယခုတစ်ကြိမ်က ခြားနားသည်ဟု မျှော်လင့်ကြောင်း သတင်းထောက်များက ပြောဆိုခဲ့သည်။ 
ပါရှင်ယန်နှင့်အနီးစပ်ဆုံး ပြိုင်ဘက်မှာ အလယ်အလတ်ကျသည့် အာမေးနီးယားကြီးပွားရေးပါတီဖြစ်ကာ မဲ ရှစ်ရာခိုင်နှုန်း ရရှိသည်။ အနောက်တိုင်းလိုလားသော တောက်ပသည့်အာမေးနီးယားပါတီက ခြောက်ရာခိုင်နှုန်းရရှိသည်။ 
    အသက် ၄၃ နှစ်ရှိ ပါရှင်ယန်သည် ဝန်ကြီးချုပ်တာဝန်ယူမည်ဖြစ်ပြီး အာမေးနီးယား၏အဓိက မဟာမိတ်ဖြစ်သည့် ရုရှားနှင့် ဆက်ဆံရေးကို ထိန်းသိမ်းမည်ဖြစ်ကြောင်း ကတိပေးထားသည်။ ဆိုဗီယက်ယူနီယံတွင် ပါဝင်ခဲ့ဖူးသည့် အာမေးနီးယားသည် လူဦးရေသုံးသန်းကျော်သာရှိပြီး ရုရှားစစ်စခန်းတစ်ခုကို လက်ခံထားရှိသည်။
    မည်သို့ဖြစ်စေ ပါရှင်ယန်က အမေရိကန်၊ ဥရောပသမဂ္ဂတို့နှင့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တစ်ခုပြုရန် မျှော်လင့််ကြောင်း ပြောဆိုခဲ့သည်။