ဟွာဝေး ကုမ္ပဏီ ဒုဥက္ကဋ္ဌကို ကနေဒါက အမေရိကန်ကိုယ်စား ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို တရုတ်အစိုးရက ဆင့်ခေါ် သတိပေးလိုက်သည်။
ဖမ်းဆီးထိန်းသိမ်းခြင်းကို ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထားမှု ရုပ်သိမ်းပေးရန် သတိပေးလိုကြောင်းဖြင့် တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး လီ ယူချန်က အမေရိကန်သံအမတ်ကြီး တာရီ ဘရန်စတတ်ကို ခေါ်ယူ သတိပေးခဲ့သည်။
တရုတ်အခြေစိုက် ဟွာဝေးကုမ္ပဏီ ဘဏ္ဍာရေးအကြီးအကဲလည်းဖြစ်၊ ဟွာဝေးကုမ္ပဏီ ဒုဥက္ကဋ္ဌလည်းဖြစ်သူ မန် ဝမ်ကျိုး သည် ဒီဇင်ဘာ ၁ ရက်က ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် လေယာဉ်ပြောင်းစီးစဉ် ထိန်းသိမ်းခံရခြင်း ဖြစ်သည်။ မစ္စ မန်သည် အီရန်အပေါ် အမေရိကန် ဆန်ရှင်ချထားမှုများကို ကျော်လွှားကာ ကုန်သွယ်ရန် ကြိုးပမ်းမှုသံသယဖြင့် အမေရိကန် အစိုးရက ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
အမေရိကန်အစိုးရအနေဖြင့် မိမိတို့၏ အမှားကို အမြန်ဆုံး ပြင်ဆင်ကာ မစ္စ မန်ကို ပြန်လွှတ်ရန် တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး လီက သတိပေးခဲ့သည်။ အမေရိကန်အစိုးရ၏ တုံ့ပြန်မှုပေါ် မူတည်၍ တရုတ်အစိုးရက ထိုက်သင့်သော တုံ့ပြန်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း သတိပေးလိုက်သည်။
တရုတ်အစိုးရသည် တရုတ်နိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး ဂျွန် မက်ကယ်လမ်ကိုလည်း ဆင့်ခေါ်သတိပေးခဲ့ပြီး မစ္စ မန်ကို ပြန်မလွှတ်ပါက ဆိုးရွားသော အကျိုးဆက်များ ရင်ဆိုင်ရမည်ဟုလည်း သတိပေးခဲ့သည်။
မစ္စ မန်ကို ဖမ်းဆီးထိန်းသိမ်းမှုနှင့် ဆက်စပ်ပြီး ကနေဒါပြည်နယ် ဗြိတိသျှ ကိုလမ်ဘီယာသည်လည်း ဒီဇင်ဘာ ၉ ရက်က တရုတ်သို့ ကုန်သွယ်ရေးအဖွဲ့ စေလွှတ်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း တွေ့ရသည်။
ဟွာဝေးသည် နိုင်ငံတကာ ဖုန်းနှင့် အင်တာနက် ကွန်ရက် ပစ္စည်းများ အဓိက ရောင်းချနေသည့် ကုမ္ပဏီကြီးဖြစ်ပြီး အမေရိကန်အစိုးရက လုံခြုံရေး စိတ်မချရဟု အကြောင်းပြကာ ဟွာဝေးကို အမေရိကန်တွင် လုပ်ငန်းလုပ်ပိုင်ခွင့် အများအပြား ပိတ်ပင်ထားသည်။

















