ဂျပန် အစိုးရရှေ့နေများသည် နစ်ဆန်း ကားလုပ်ငန်း ဥက္ကဋ္ဌဟောင်း ကားလို့စ် ဂိုဆန်ကို ဘဏ္ဍာရေး မသမာမှုဖြင့် စွဲချက်တင်လိုက်သည်။
မစ္စတာ ဂိုဆန်သည် လစာဝင်ငွေ အခွန်ကြေညာရာတွင် လျှော့ချကြေညာမှု၊ ကုမ္ပဏီပိုင်ဆိုင်မှုများကို ကိုယ်ကျိုးအတွက် အသုံးပြုမှုများဖြင့် နိုဝင်ဘာလက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
မစ္စတာ ဂိုဆန်သည် ရေးနော့၊ နစ်ဆန်း၊ မစ်ဆူဘီရှိ လုပ်ငန်းပေါင်းစုကို ဦးဆောင်နေသူလည်းဖြစ်ပြီး အပြစ်မရှိကြောင်း ကနဦးတွင် ငြင်းဆိုထားသည်။
သီးခြားစွဲချက်များဖြင့်လည်း မစ္စတာ ဂိုဆန်သည် ရင်ဆိုင်ရဦးဖွယ်ရှိကြောင်း မီဒီယာများက ဖော်ပြသည်။ ဘရာဇီးတွင် မွေးဖွားသော အသက် ၆၄ နှစ်အရွယ် မစ္စတာ ဂိုဆန်သည် ရေးနော့ နစ်ဆန်း ကားလုပ်ငန်းနှစ်ခု ပူးပေါင်းဖြစ်အောင် ဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်သလို၊ ၂၀၁၆ တွင်လည်း မစ်ဆူဘီရှိကိုပါ အဖွဲ့ဝင်ဖြစ်လာအောင် စည်းရုံးနိုင်ခဲ့သည်။
မစ္စတာ ဂိုဆန်သည် နစ်ဆန်းကို တစ်ခေတ်ဆန်းစေခဲ့သူအဖြစ် ဂျပန်တွင် ချီးကျူး အသိအမှတ်ပြု ခံခဲ့ရသူလည်း ဖြစ်သည်။ ပြီးခဲ့သည့်လက ဖမ်းဆီးခံရပြီးနောက် နစ်ဆန်းနှင့် မစ်ဆူဘီရှိတို့က မစ္စတာ ဂိုဆန်ကို ဥက္ကဋ္ဌ ရာထူးမှ ထုတ်ပယ်ခဲ့ကြသည်။
ရေးနော့ကမူ လက်ရှိအချိန်ထိ မစ္စတာ ဂိုဆန်ကို ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်အဖြစ် ဆက်လက်ခန့်ထားသော်လည်း နေ့စဉ် လုပ်ငန်းများ တာဝန်ယူနိုင်ရန်အတွက် ယာယီ လက်ထောက် အမှုဆောင်အရာရှိချုပ်တစ်ဦးကို ခန့်ထားလိုက်သည်။
ရေးနော့ ကားလုပ်ငန်းသည် နစ်ဆန်းတွင် ရှယ်ယာ ၄၃ ရာခိုင်နှုန်းထိ ထိန်းချုပ်ထားပြီး၊ နစ်ဆန်းကမူ ရေးနော့တွင် ရှယ်ယာ ၁၅ ရာခိုင်နှုန်းသာ ထိန်းချုပ်ထားသည်။
နစ်ဆန်းသည် မစ်ဆူဘီရှီတွင် ရှယ်ယာ ၃၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

















