မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်နိုင်ငံတွင် အာဖရိကဝက်တုပ်ကွေးရောဂါ ဖြစ်ပွားနေ၍ ပြည်ပမှ ဝက်သားပေါက်၊ အေးခဲဝက်သားနှင့် အေးခဲဝက်သားပြားများ တင်သွင်းခွင့်ပြုခြင်းကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်ကို ပြီးခဲ့သည့် နိုဝင်ဘာ(၂၂)ရက်က ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်း ညွှန်ချက်အရ ထုတ်ပြန်ခြင်းဖြစ်သည်။
“အိမ်နီးချင်း နိုင်ငံမှာဝက်နဲ့ပတ်သက်တဲ့ရောဂါရှိနေတဲ့အခါကျတော့ ကျွန်တော်တို့ဘက်ကလည်း ဆောင်ရွက်စရာ ရှိတာကိုဆောင်ရွက်နေတာပေါ့။ ပြည်ပကတင်သွင်းတဲ့ ဝက်သားပေါက်တွေ၊ အေးခဲဝက် သားတွေ၊ ဝက်ထွက်ပစ္စည်းတင်သွင်းခွင့်ကိုယာယီရပ်ဆိုင်းလိုက်တာပေါ့။ လုံးဝရပ်ဆိုင်းလိုက်တာ မဟုတ်ပါဘူး။ ဝက်တုပ်ကွေးရောဂါ ကြောင့်ယာယီရပ်ဆိုင်းတဲ့ အနေအထားပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ တရုတ်နိုင်ငံတွင် အဆိုပါအာဖရိကဝက်တုပ်ကွေးရောဂါ ဖြစ်ပွားနေခြင်းဖြစ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မွေးမြူရေး၊စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့ ညှိနှိုင်း၍ တင်သွင်းခွင့်လိုင်စင်ထုတ်ပေးမှုကို ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
“မွေးမြူရေး နှင့်ကုသရေး ဦးစီးဌာနက တင်သွင်းမှုနဲ့ပတ်သက်ပြီးထောက်ခံချက် ပေးရတာဆိုတော့ ဒီဌာနဘက်ကိုလည်း ယာယီရပ်ဆိုင်းထားပါ ဆိုပြီးတော့တရားဝင်အကြောင်းကြားထားပါတယ်။ ကျွန်တော် တို့ ဘက်ကလည်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးတဲ့ ကိစ္စကိုယာယီရပ်ဆိုင်းထားလိုက်တယ် '' ဟုဦးခင်မောင်လွင် က ဆိုသည်။
ပြည်ပခရီးသွားဧည့်သည်များအတွက်ရည်ရွယ်ကာ ပြည်ပမှ ဝက်သားပေါက်၊ အေးခဲဝက်သား နှင့် အေးခဲဝက်သားပြားများကို တရားဝင်တင်သွင်းခွင့်ပြုထားခြင်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။
















