တရုတ်နိုင်ငံ အလယ်ဗဟိုဒေသရှိ သယ်ယူပို့ဆောင်ရေးအဓိက အခြေစိုက်ဖြစ်သည့် ကျန်းကျိုးမှသည် တရုတ်-ဥရောပကုန်ရထားခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ဗီယက်နမ်အထိ အရှေ့တောင်အာရှလမ်းပိုင်းအနေဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးရထားပြေးဆွဲမှု အစီအစဉ်စတင်ခဲ့ကြောင်း သိရသည်။
ကျန်းကျိုးမှထွက်ခွာသည့် ပထမဦးဆုံးကုန်ရထား သည် ဟီနန်ပြည်နယ်မြို့တော် ကျန်းကျိုးမှ ဒီဇင်ဘာ ၇ ရက်နံနက်က စတင်ထွက်ခွာခဲ့သည်။ ယင်းသည် ပင်ရှင်းမြို့မှနယ်စပ်ဖြတ်ကျော်ပြီး ဗီယက်နမ်နိုင်ငံတွင်း ဝင်ရောက်ကာမြို့တော်ဟနွိုင်းအထိမောင်းနှင်မည်ဖြစ်သည်။ အဆိုပါလမ်းကြောင်းအား စီမံသူ ကျန်းကျိုး နိုင်ငံတကာဖွံ့ဖြိုးရေးနှင့်ဆောက်လုပ်ရေးကုမ္ပဏီကပြောဆိုရာတွင် ရထားသည် စက်မှုနှင့် အီလက်ထရွန်နစ်ထုတ်ကုန်များ တင်ဆောင်လာခဲ့ပြီး ဗီယက်နမ်မှ သစ်သီး၊ ဆန်စပါး၊ သစ်သီးခြောက်နှင့် ရေထွက်ကုန်များပြန်လည်သယ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတောင်ပိုင်းလမ်းကြောင်းသည် ကျန်းကျိုးမှသည် တရုတ်-ဥရောပကုန် ရထားခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဗီယက်နမ်အထိ အရှေ့တောင်အာရှလမ်းပိုင်း အနေဖြင့် ကုန်စည် သယ်ယူပို့ဆောင်ရေးရထားပြေးဆွဲမှု အစီအစဉ်အတွက် အရေးကြီး သောလမ်းပိုင်းဟုရှုမြင်ခြင်းခံထားရသည်။
တရုတ်-ဥရောပရထားလမ်းပိုင်းမှာ ဗဟိုအာရှ မှသည် ဥရောပအထိ မြို့ကြီး ၁၂၆ မြို့အား ချိတ်ဆက်ထားသည်။ တရုတ်-ဥရောပရထား လမ်းပိုင်းမှာ ထိုကဲ့သို့ ဗဟိုအာရှမှသည် ဥရောပအထိချိတ်ဆက်သဖြင့် တရုတ်အစိုးရ၏ ခါးပတ်တစ်ကွင်း လမ်းတစ်စင်းအစီအစဉ်အတွက် အရေးကြီးသောအစိတ်အပိုင်းတစ်ရပ် ဖြစ်နေသည်။ တရုတ်-ဥရောပကုန်ရထားခရီးစဉ်၌ လမ်းပိုင်း ၅၇ ခုတွင် ကုန်ရထားပေါင်း ၃၀ဝ၀ ကျော်ပြေးဆွဲနေပြီး ယင်းပမာဏမှာ ၂၀၁၈ ခုနှစ်အတွင်း ၄၀ဝ၀ ဖြစ်လာမည်ဟုခန့်မှန်း ထားကြောင်း တရုတ်မီးရထားကော်ပိုရေးရှင်းမှ သိရသည်။
















