သင်္ကန်းဝတ် အယောင်ဆောင်ကာ ဗဟိုဘဏ်အရာရှိအမျိုးသမီးကို ခြိမ်းခြောက်လုယူခဲ့သူအား ဖမ်းမိ

သင်္ကန်းဝတ် အယောင်ဆောင်ကာ ဗဟိုဘဏ်အရာရှိအမျိုးသမီးကို ခြိမ်းခြောက်လုယူခဲ့သူအား ဖမ်းမိ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ သင်္ကန်းဝတ်အယောင်ဆောင်ကာ  ဗဟိုဘဏ်အရာရှိအမျိုးသမီးကို ခြိမ်းခြောက်လုယူခဲ့သူအား ဒီဇင်ဘာ၁၀ ရက်နေ့ တွင်ဖမ်းမိခဲ့ သည်။

 

ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ ခရေအိမ်ရာ၊ တိုက်အမှတ်(၁၉)နေ ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့နုသည် အခန်းအား သော့ခတ်ခဲ့ပြီး ဈေးသို့သွားရောက်ခဲ့သည်။

ဈေးသို့သွားရောက်ဝယ်ယူခဲ့ပြီးနောက် နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့သည်။ မီးဖိုဆောင် အတွင်းရှိ လျှပ်စစ်မီးဖိုပေါ်တွင် ဘုန်းတော်ကြီးကိုင်ယပ်တောင်တစ်ချောင်းကို တွေ့ရှိ၍ မသင်္ကာသဖြင့် အိပ်ခန်းအတွင်း သို့ ဝင်ရောက်ကြည့်ရှုခဲ့ရာ ခုတင်ပေါ်တင်ထားသည့် စလင်းဘတ်အိတ်အတွင်းမှ ကျပ် ၃၁၀ဝ၀ဝ ကို သင်္ကန်းဝတ်ထားသူက နှိုက်ယူနေသည်ကို တွေ့ရှိခဲ့သည်။ 
အဆိုပါ သင်္ကန်းဝတ်ထားသူသည် နေအိမ်သို့ စနေ၊တနင်္ဂနွေနေ့ တိုင်း အလှူခံလာနေကျဖြစ်သည်ဟုဆိုသည်။
ဒေါ်လဲ့လဲ့နုက “အခန်းအတွင်းသို့ ဘာဖြစ်လို့ဝင်ယူတာလဲ၊ ဘာလို့အဲဒီလိုလုပ်တာလဲ”ဟုမေးစဉ် သင်္ကန်းဝတ်ထားသူက “စာဖြေဖို့ငွေလို၍ဖြစ်ကြောင်း၊ မအော်ပါနဲ့၊ ဘာမှမပြောပါနဲ့၊ အေးအေးဆေးဆေးပြန် ဆင်းသွားမည်”ဟုပြောခဲ့သည်။ 
၎င်းက “အဲဒီလိုတော့မလုပ်ပါနဲ့’’ဟုအော်လိုက်စဉ် သင်္ကန်းဝတ်ထားသူက ၎င်းဝတ်ဆင်ထားသည့်သင်္ကန်းဖြင့် ပါးစပ်အားပိတ်ပြီး ညာဘက် လက်ဖြင့် နှာခေါင်းကိုပိတ်ကာ ကြမ်းပြင်ပေါ်သို့တွန်းလှဲ၍ အခန်းအတွင်း အသင့်ရှိသော မြက်ဖြတ် ကတ်ကြေးဖြင့် လည်ပင်းအားထောက်ကာ “အေးအေးဆေးဆေးဆင်းသွားမည်၊ ဆင်းသွားရင်လည်း မအော်နဲ့၊ မအော်ရင်ဘာမှမလုပ်ဘူး၊ အော်ရင်သတ်ပစ်မည်”ဟုပြောဆိုခဲ့ကာ နေအိမ်ပေါ်မှ ဆင်းသွားခဲ့ကြောင်း၊ (၅)မိနစ်ခန့်အကြာမှ နေအိမ်ရှေ့တွင် ကားပြင်နေသည့်ခင်ပွန်းဖြစ်သူ ဦးဌေးဝင်းကို ပြောပြ၍ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ 
ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ်မြေရဲစခန်းက(ပ) ၅၁/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၈၆ အရအမှုဖွင့် စုံစမ်းခဲ့သည်။ အဆိုပါဖြစ်ပွားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်ခဲ့ရာ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ သပြေ(၄)၊ လူပျိုဆောင် အနောက်ဘက်ကျူးကျော်တဲစုများတွင် နေထိုင်သည့် မောင်မောင်ဆိုသူဖြစ်နိုင်ကြောင်း စုံစမ်းသိရှိခဲ့သည်။ 
အမှုဖြင့်မသင်္ကာသူ မောင်မောင်ဆိုသူက အခင်းဖြစ်ပြီးနောက် နေထိုင်ခြင်းမရှိတော့ဘဲ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန် ကျေးရွာသို့ ထွက်ခွာသွားကြောင်းသိရှိရ၍ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ဆက်သွယ်စုံစမ်းခဲ့ရာ မောင်မောင်ကို ဒီဇင်ဘာ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်၊ သံဗိုလ်ရပ်ရှိ ၎င်း၏မိဘများ နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။ 
ပြစ်မှုကျူးလွန်သူ မောင်မောင်သည် လွန်ခဲ့သည့်(၅)နှစ်ခန့်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ သပြေ(၄)၊ လူပျိုဆောင် အနောက်ဘက်ကျူးကျော်တဲ စုများ တွင် နေထိုင်ခဲ့ကြောင်း၊ ၎င်းသည် ကျပန်းအလုပ်အားလိုက်လံ လုပ်ကိုင်ခဲ့ပြီးနောက် ခိုးမှုများကျူး လွန်ရန်အတွက် ကတုံးတုံးကာ သင်္ကန်းစီး၍ လိုက်လံအလှူခံခဲ့ကြောင်း၊ ဘုန်းတော်ကြီး ကျောင်းတွင်နေထိုင်ခြင်းမရှိဘဲ ပြစ်မှုကျူးလွန်ရန် အပြင်သို့ထွက်ခွာသည့်အချိန်မှသာ သင်္ကန်းကိုလဲလှယ်ဝတ်ဆင်ခဲ့ကြောင်း စုံစမ်းပေါ်ပေါက်ခဲ့သည်။ 
အခင်းဖြစ်နေ့က နံနက် ၈ နာရီ အချိန်ခန့်တွင် သင်္ကန်းကို လက်ဆွဲအိတ်အနက်ရောင်တွင်ထည့်၍ လူပြတ်လပ်သည့်နေရာ အရောက်တွင် သင်္ကန်းလဲကာ ခရေအိမ်ရာဘက်သို့ အလှူခံရန်ထွက်လာခဲ့ခြင်းဖြစ်သည်။

ခရေအိမ်ရာသို့ ရောက်ရှိပြီး တိုက်၏ ဒုတိယထပ် အခန်းသို့ ရောက်ရှိသည့်အခါ သော့ပိတ်ထားသည်ကို တွေ့ရ၍ နေအိမ်အနောက်ဘက်ပြတင်းပေါက်မှ တွယ်တက်ပြီး နေအိမ်အတွင်းသို့ ဝင်ခဲ့သည်ဟုဆိုသည်။
 နေအိမ်အခန်းအတွင်းရှိ စလင်းဘက်လွယ်အိတ်အတွင်းမှ ငွေ ၃၁၀ဝ၀ဝ ကို ယူဆောင်မည်ပြုစဉ် အိမ်ပိုင်ရှင်အမျိုးသမီး ရောက်လာခြင်းဖြစ်ကြောင်း၊ ထို့နောက် နေထိုင်သည့်ကျူးကျော်တဲသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် ၎င်းကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်းကြားသိရသဖြင့် မိဘများနေထိုုင်ရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်၊ သံဗိုလ်ရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ဥပဒေနှင့်အညီ ၎င်းကို ဆက်လက်အရေးယူထားလျက်ရှိသည်။