ရမ်းဗြဲမြို့တွင် မူလတန်းပြဆရာမအသတ်ခံရမှုကို အမှုဖွင့်

ရမ်းဗြဲမြို့တွင် မူလတန်းပြဆရာမအသတ်ခံရမှုကို အမှုဖွင့်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် မူလတန်းပြကျောင်းဆရာမတစ်ဦး အသတ်ခံရမှုကို သက်ဆိုင်ရာက ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။ 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် တောင်ကျေးရွာ အ.မ.ကကျောင်းတွင် မူလတန်းပြ တာဝန်ထမ်းဆောင်နေသည့် စေရင်းရွာနေ မ----(၂၇ နှစ်)သည် ကျောင်းသို့ရောက်မလာသဖြင့် စုံစမ်းခဲ့ကြသည်ဟု ဆိုသည်။ 
ထိုသို့စုံစမ်းရာ နံနက် ၁၀ နာရီအချိန်ကပင် နေအိမ်မှထွက်ခွာသွားခဲ့ကြောင်းသိရသဖြင့် လိုက်လံရှာဖွေခဲ့သည်။

လိုက်လံရှာဖွေရာ ပြင်ကျေးရွာအနီး မိကျောင်းတက်-သပြေကျွန်းလမ်းဘေးချောက်အတွင်း၌ ဆရာမဖြစ်သူ မှောက်လျက် သေဆုံးနေသည်ကို ဖခင်ဖြစ်သူနှင့်ရွာသားများက ရှာဖွေတွေ့ရှိခဲ့ကြသည်။ 
ဆရာမကိုတွေ့ရှိချိန်တွင် ပါးစပ်မှ သွေးထွက်၊လည်ပင်း၌ ညိုမဲဒဏ်ရာများ၊ မအင်္ဂါစပ်မှ သွေးထွက်ဒဏ်ရာများရရှိကာ သေဆုံးနေခြင်းဖြစ်သည်။
ဆရာမသည် ၎င်းနေထိုင်ရာ ကျေးရွာနှင့် သုံးမိုင်ခန့်ဝေးကွာသည့် တောင်ရွာ အ.မ.က ကျောင်း သို့ မူလတန်းပညာသင်ကြားပြသရန် နေ့စဉ် ခြေလျင်သွားရောက်ရသူဖြစ်သည်။

လေးတောင်နယ်မြေရဲစခန်းက(ပ)၃၁/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့သည်။

ပြစ်မှုကျူးလွန်သူ မာန်အောင်မြို့နယ် နတ်ပြင်ကျေးရွာနေ ရွှေထူး(ခ)အေးချမ်း(၂၁)နှစ်ကို ဆရာမကိုင်ဆောင်သော လက်ကိုင်ဖုန်းနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့သည်။