ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ မြန်မာနှင့် အိမ်ရှင် ယနေ့ကစားမည် ဂုဏ်သိက္ခာအတွက် ကြိုးစားမည်ဟု ဦးကျော်လွင် ပြောဆို

ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ မြန်မာနှင့် အိမ်ရှင် ယနေ့ကစားမည် ဂုဏ်သိက္ခာအတွက် ကြိုးစားမည်ဟု ဦးကျော်လွင် ပြောဆို

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယူ-၂၁ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဂုဏ်သိက္ခာအရ ဆုတံဆိပ်ရအောင် အကောင်းဆုံးကြိုးစားမည်ဟု မြန်မာယူ-၂၁အသင်း လက်ထောက်နည်းပြ ဦးကျော်လွင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိပ်တိုက်တွေ့ဆုံ

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ရက်မှ ၁၈ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်၊ မြန်မာ၊ မလေးရှားနှင့် တောင်ကိုရီးယားကလပ် ဂမ်ဟီးယူ-၂၁အသင်းတို့ အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ မြန်မာအသင်းမှာ အဖွင့်ပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် ည၆နာရီခွဲတွင် အိမ်ရှင်ဗီယက်နမ်နှင့် ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

ဂုဏ်သိက္ခာ

" ပြိုင်ပွဲဝင်အသင်းတွေက အသင်းကောင်းတွေဆိုတော့ ခက်ခက်ခဲခဲ ကစားရမှာပါ။ ဗီယက်နမ်အသင်းက လျင်မြန်မှု၊ကြံ့ခိုင်မှုပိုင်းတွေ ကောင်းတယ်။ တန်ပြန်တိုက်စစ်တွေ ကောင်းတယ်ဆိုပေမယ့် အဆုံးသတ်ပိုင်းအားနည်းတာတော့ရှိတယ်။ ဆီးဂိမ်းအတွက် အတွေ့အကြုံရအောင် ယှဉ်ပြိုင်တယ်ဆိုပေမယ့် ကစားသမားတွေကို ယုံပါတယ်။ ဂုဏ်သိက္ခာအရ ကာလာတစ်ခုခုဝင်အောင် အကောင်းဆုံးကြိုးစားသွားမှာပါ" ဟု ဦးကျော်လွင်က ပြောဆိုခဲ့သည်။

ယှဉ်ပြိုင်ရမည်

မြန်မာအသင်းသည် ဗီယက်နမ်နှင့်အဖွင့်ပွဲယှဉ်ပြိုင်ပြီးနောက် ဒီဇင်ဘာ ၁၄ မြန်မာစံတော်ချိန် မွန်းလွဲ ၃နာရီခွဲတွင် ဂမ်ဟီးအသင်း နှင့်လည်းကောင်း၊ ဒီဇင်ဘာ ၁၆ မြန်မာစံတော်ချိန် မွန်းလွဲ၃ နာရီခွဲတွင် မလေးရှားအသင်း နှင့်လည်းကောင်း ယှဉ်ပြိုင် ရမည် ဖြစ်သည်။

အုပ်စုတွင်းအမှတ်အများဆုံးနှစ်သင်းမှာ ဗိုလ်လုပွဲယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဖိတ်ခေါ်ဖလားပြိုင်ပွဲ၏ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ ရက် ညနေ၃ နာရီခွဲနှင့် ည ၆နာရီ ၁၅မိနစ်တို့တွင် ကျင်းပမည် ဖြစ်သည်။ မြန်မာယူ-၂၁အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်တာဝန်ယူမည်ဖြစ်ပြီး ၂၀၁၇ခုနှစ် ဖိတ်ခေါ်ပြိုင်ပွဲ၌ မြန်မာအသင်းက တတိယဆုရရှိခဲ့သည်။



ဖတ်ရှုမှုအများဆုံး