ဂျပန်ကမ်းလွန် ကောင်းကင်ယံ၌ စစ်လေယာဉ်ချင်းတိုက်မိရာမှ လေယာဉ်ပျက်ကျခဲ့ရာတွင် ပျောက်ဆုံးနေခဲ့သည့် အမေရိကန် မရင်းတပ်သားငါးဦးတို့သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်စစ်ဘက်က ကြေညာလိုက်သည်။
ဒီဇင်ဘာ ၆ ရက် ကေစီ ၁၃၀ ဟာကြူလီ ဆီဖြည့်လေယာဉ်တစ်စင်းနှင့် အက်ဖ်အေ ၁၈ ဟောနက် တိုက်လေယာဉ်တစ်စင်းတို့ ပုံမှန်လေ့ကျင့်ပျံသန်းစဉ် တိုက်မိခဲ့ရာမှ ပင်လယ်ထဲသို့ လေယာဉ်နှစ်စင်းလုံးပျက်ကျခဲ့ပြီး ဆီဖြည့်လေယာဉ်မှ ငါးဦးပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
တိုက်လေယာဉ်မှူးနှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း တစ်ဦးသေဆုံးခဲ့ပြီးဖြစ်သည်။
ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီဖြစ်ပြီး ဂျပန်၊ သြစတြေးလျတို့ ပူးပေါင်းပါဝင်သည့် ကယ်ဆယ်ရေးကိုလည်း ဒီဇင်ဘာ ၁၁ ရက်၌ ရပ်စဲလိုက်ပြီဖြစ်သည်။
ဆီဖြည့်လေယာဉ်သည် ဟီရိုရှီးမားအနီး အီဝါကူနီလေတပ်စခန်း အခြေစိုက်ဖြစ်ပြီး ပျက်ကျမှုသည် ကောင်းကင်ယံ၌ ဆီဖြည့်စဉ် တိုက်မိခြင်းဟုတ်မဟုတ် မသဲကွဲသေးပေ။
လွန်ခဲ့သည့်လကလည်း ရော်နယ်ရီဂင်လေယာဉ်တင်သင်္ဘောမှ အက်ဖ်အေ ၁၈ တိုက်လေယာဉ်တစ်စင်း အိုကီနာဝါကမ်းလွန်တွင် ပျက်ကျပြီး လေသူရဲနှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ အောက်တိုဘာလလယ်ကလည်း ယင်းလေယာဉ်တင်သင်္ဘောမှ အမ်အိပ်ချ် ၆၀ ဆီးဟော့ခ်ရဟတ်ယာဉ်တစ်စင်း ဖိလစ်ပိုင်ကမ်းလွန်တွင် ပျက်ကျခဲ့သည်။
ဂျပန်နိုင်ငံတွင် လုံခြုံရေးသဘောတူညီချက်အရ အမေရိကန်စစ်သည် ၅၀ဝ၀ဝ ကျော် ရှိနေသည်။

















