ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်နုတ်ထွက်ရေး(ဘရက်ဇစ်) အစီအစဉ်ကို ဗြိတိသျှအောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုအား ရွှေ့ဆိုင်းခဲ့ပြီးနောက် ယင်းအစီအစဉ်ကို ကယ်တင်ရန် ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေသည် အီးယူခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။
ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်၊ ဒတ်ချ်ဝန်ကြီးချုပ် မတ်ခ်ရတ်တို့နှင့် တွေ့ဆုံဆွေးနွေးမည့် မေက မြောက်ပိုင်း အိုင်ယာလန်နယ်စပ်နှင့်ပတ်သက်သည့် နောက်ထပ်အာမခံချက်လိုကြောင်း ပြောဆိုခဲ့သည်။ အိုင်းရစ်ဝန်ကြီးချုပ် လီယို ဗာရက်ဒါကမူ နယ်စပ်အရေးကို ပြန်လည်ညှိနှိုင်းရန် မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။
အီးယူဘက်မှလည်း နောက်ထပ် စေ့စပ်မှု ပြုလုပ်တော့မည်မဟုတ်ဘဲ ဘရက်ဇစ်သဘောတူညီချက်ကို ချောမောစွာအတည်ပြုနိုင်ရေး မည်သို့ ကူညီနိုင်မည်နည်း ဟု ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဥရောပကောင်စီဥက္ကဌ ဒေါ်နယ်တပ်ခ်စ်က ပြောဆိုခဲ့သည်။
မေနှင့်အီးယူခေါင်းဆောင်များ သဘောတူထားသည့် ဘရက်ဇစ်အစီအစဉ်ကို ဗြိတိန်အောက်လွှတ်တော်တွင် လေးရက်ကြာ အကြိတ်အနယ်ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ရန် မေက ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးမဲခွဲရန် ရက်ကို မေက လာမည့်ဇန်နဝါရီ ၂၁ ရက်ကို ရည်ညွန်းထားသည်။ ဘရက်ဇစ်အရေး အောက်လွှတ်တော်တွင်မဲခွဲရန် ရွှေ့ဆိုင်းခဲ့ပြီးနောက် ပေါင်စတာလင်ငွေကြေးတန်ဖိုး နောက်ထပ် လျော့ကျခဲ့သည်။
မဲခွဲရန်ဆုံးဖြတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဗြိတိသျှအတိုက်အခံခေါင်းဆောင် ဂျရမီကော်ဘန်က ထရီဆာမေအစိုးရသည် လုံးဝ ဖရိုဖရဲဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပြီး လေဘာအမတ်များက ထရီဆာမေ နုတ်ထွက်ပေးရေး အော်ဟစ်တောင်းဆိုခဲ့ကြသည်။
အီးယူခေါင်းဆောင်များသည် ဘရပ်ဆဲလ်၌ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၄ ရက်တို့တွင် လူဝင်မှုအရေး၊ အီးယူ၏ အနာဂတ်ဘတ်ဂျက်အရေးနှင့် အခြားကိစ္စများကို ဆွေးနွေးရန် စီစဉ်ထားသည်။
ဥရောပပါလီမန်အဖွဲ့ဝင် ဘယ်လ်ဂျီယံအမတ် ဖိလစ်လမ်းဘတ်က ထရီဆာမေအနေဖြင့် အီးယူနှင့် ရရှိပြီးသား သဘောတူညီချက်အပြင် နောက်ထပ်အာမခံရရှိရန် ကြိုးပမ်းသော်လည်း ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပမည့် အီးယူထိပ်သီးစည်းဝေးပွဲက စောင့်ဆိုင်းလိမ့်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
အီးယူနိုင်ငံများအပြင် အီးယူပါလီမန်ကလည်း ဘရက်ဇစ်အစီအစဉ်ကို အတည်ပြုရန် လိုအပ်နေသေးသည်။

















