အိန္ဒိယဗဟိုဘဏ်အကြီးအကဲ အူအာဂျစ်ပါတဲလ် ပုဂ္ဂိုလ်ရေးအကြောင်းပြ ရာထူးမှနုတ်ထွက်သွား

အိန္ဒိယဗဟိုဘဏ်အကြီးအကဲ အူအာဂျစ်ပါတဲလ် ပုဂ္ဂိုလ်ရေးအကြောင်းပြ ရာထူးမှနုတ်ထွက်သွား

အိန္ဒိယဗဟိုဘဏ်အကြီးအကဲ အူအာဂျစ်ပါတဲလ်သည် ကိုယ်ရေးကိုယ်တာအကြောင်းပြချက်များပေးပြီး ဒီဇင်ဘာ ၁၀ ရက်၌ ရာထူးမှ နုတ်ထွက်သွားသည်။

ဗဟိုဘဏ်၏မူဝါဒပိုင်းဆိုင်ရာ ဘုတ်အဖွဲ့နှင့် ဝန်ကြီးချုပ် နာရန်ဒါမိုဒီအစိုးရတို့ အကြား သဘောကွဲလွဲနေကြောင်း သတင်းထွက်ပေါ်ပြီးနောက် ပါတဲလ်နုတ်ထွက်သွားခြင်းဖြစ်သည်။
    ရာထူးသက်တမ်းငါးနှစ်ရှိသည့် ဗဟိုဘဏ်အကြီးအကဲအဖြစ်မှ သက်တမ်းတစ်ဝက်တွင် နုတ်ထွက်သွားခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး စီးပွားရေးကို ယုံကြည်မှုထိခိုက်စေဖွယ်ရှိပြီး ရူပီးတန်ဖိုးကိုလည်း သက်ရောက်နိုင်ကြောင်း သတင်းထောက်များက ပြောဆိုကြသည်။
    အစိုးရ၏ဖိအားကြောင့် မစ္စတာပါတဲလ် နုတ်ထွက်နိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်မှာ သီတင်းပတ်အချို့ ရှိခဲ့ပြီဖြစ်သည်။ အောက်တိုဘာနှောင်းပိုင်းတွင် ဗဟိုဘဏ်ဒုတိယအုပ်ချုပ်ရေးမှူး ဗီရာလ် အာချာရာက အစိုးရသည် ဗဟိုဘဏ်၏လွတ်လပ်ခွင့်ကို မလေးစားကြောင်း၊ ယင်းကြောင့် အနှေးနှင့်အမြန်ဆိုသလို ငွေရေးကြေးရေးဈေးကွက် ဘေးသင့်မည်ဖြစ်ပြီး စီးပွားရေးအကျပ်အတည်းမီးမွှေးရာကျမည်ဖြစ်ကြောင်း ပြောဆိုဝေဖန်ခဲ့သည်။
    မိုဒီအစိုးရက ဗဟိုဘဏ်အနေဖြင့် ပြန်မရနိုင်သည့်ကြွေးဆိုးများပိနေသည့် အစိုးရဘဏ်များကို အသေးစားလုပ်ငန်းများသို့ ငွေချေးခြင်း ပြန်လည်ခွင့်ပြုစေလိုသည်။ ထို့ပြင် အတိုးနှုန်းများလျှော့ချခြင်းဖြင့် ငွေဖြစ်လွယ်သည့် စီးပွားရေးလုပ်ငန်းများကို အသက်သွင်းလိုကြောင်း သတင်းများ ပေါ်ထွက်ခဲ့သည်။
    မစ္စတာပါတဲလ်သည် အမွေကောင်းများ ချန်ရစ်လျက်ထွက်ခွာသွားခြင်းဟု ဝန်ကြီးချုပ် မိုဒီက တွစ်တာတွင်ရေးသားခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီး ဂျာအစ်လေကလည်း နက်ရှိုင်းစွာတန်ဖိုးထားကြောင်း ပြောဆိုခဲ့သည်။
    ဗဟိုဘဏ်ဥက္ကဌဟောင်း ရက်ဂ်ဟူရမ် ရာဂျန်ကမူ ပါတဲလ်နုတ်ထွက်မှုသည် ဆန့်ကျင်ဆန္ဒပြမှုတစ်ရပ် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးဟောင်း ယာစွမ့် ဆင်ဟာကလည်း အစိုးရ၏ ဗဟိုဘဏ်လုပ်ငန်းအပေါ် စွက်ဖက်ရန် ကြိုးစားနေခြင်း သိသာထင်ရှားသည့် လက္ခဏာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    ကုန်သွယ်ရေးလိုငွေပြမှု၊ ငွေဖောင်းပွမှု၊ စားသုံးဆီနှင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်မားနေခြင်းတို့သည် အိန္ဒိယ စီးပွားရေးအတွက် အဓိကစိုးရိမ်ဖွယ်ရာများဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများက ပြောဆိုခဲ့သည်။