တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ကုန်သွယ်ရေးပြဿနာများ ညှိနှိုင်းရန် တရုတ် ဒုတိယဝန်ကြီးချုပ် လျူဟီနှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် မနျူချင်တို့ ဖုန်းဆက်ဆွေးနွေးခဲ့သည်။
အက်ပဲကုမ္ပဏီထုတ် အိုင်ဖုန်းမော်ဒယ်အချို့ တရုတ်နိုင်ငံတွင်းရောင်းချခြင်းကို တရုတ်တရားရုံးတစ်ရုံးက တားမြစ်မိန့်ထုတ်ပြန်ခဲ့သည်။
တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေး၏ ဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျိုးကို အမေရိကန်ဝရမ်းအရ ကနေဒါတွင် ဖမ်းဆီးထား၍ နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုမြင့်တက်နေသည့်ကြားမှ သွင်းကုန်ခွန်များ တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်သည့် ကုန်သွယ်ရေးကိစ္စ ညှိနှိုင်းမှုများကို တရုတ်ဘက်မှ ဆက်လက်လုပ်ဆောင်သွားမည့်လက္ခဏာတွေ့ရကြောင်း အေပီသတင်းက ရေးသားခဲ့သည်။
စီးပွားရေးနှင့် ကုန်သွယ်ရေး ညှိနှိုင်းတိုင်ပင်မှုကို မြှင့်တင်ရန်ဆွေးနွေးခဲ့ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ စာကြောင်းနှစ်ကြောင်းပါထုတ်ပြန်ချက်ပေါ်ထွက်ခဲ့ပြီး အသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။ မန်ဝမ်ကျိုးဖမ်းဆီးမှုအတွက် နက်ရှိုင်းသည့် အကျိုးဆက်ခံစားရမည်ဖြစ်ကြောင်း တရုတ်က သတိပေးထားသည်။
တရုတ်၏ နည်းပညာမူဝါဒနှင့်ပတ်သက်၍ အမေရိကန်၏ကန့်ကွက်ချက်များကို နှစ်ဘက်ညှိနှိုင်းနေစဉ် ရက် ၉၀ အတွင်း တရုတ်သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုကို ယာယီရပ်ဆိုင်းထားရန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၁ ရက်၌ သဘောတူခဲ့သည်။
ယင်းရက်၌ပင် မန်ဝမ်ကျိုးသည် ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့တွင် အဖမ်းခံခဲ့ရပြီး ယခုအခါ အာမခံပေးသင့်မပေးသင့် ကြားနာဆဲဖြစ်သည်။
မန်ဝမ်ကျိုးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တရုတ်က တောင်းဆိုထားသည်။
ဒီဇင်ဘာ ၁၁ ရက်၌ တရုတ်တရားရုံးတစ်ရုံးက ချမှတ်လိုက်သည့်အမိန့်အရ တရုတ်နိုင်ငံတွင်း လက်ရှိရောင်းချနေသည့် အိုင်ဖုန်း ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း ရောင်းချခြင်း၊ တင်သွင်းခြင်း ပိတ်ပင်ခံလိုက်ရကြောင်းလည်း သိရသည်။
ယင်းပိတ်ပင်ချက်တွင် အိုင်ဖုန်းအသစ်များဖြစ်သည့် iPhone XS, iPhone XS Plus တို့ ပါဝင်ခြင်း မရှိပေ။ အမေရိကန်မှ ချစ်ပ်ထုတ်လုပ်သူ Qualcomm က တရားစွဲဆိုထားခြင်းကြောင့် ယင်းအိုင်ဖုန်းအသစ်များသည် တရုတ်နိုင်ငံတွင်း တရားဝင် ရရှိနိုင်ခြင်းမရှိသေးချေ။

















