ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ယီမင်နိုင်ငံရှိ လူသန်း ၂၀ သည် အငတ်ဘေးနှင့်ရင်ဆိုင်နေရပြီး ယင်းသည် စုစုပေါင်းလူဦးရေ၏ ၂၀ ရာခိုင်နှုန်းဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထား အကူအညီပေးရေးအဖွဲ့၏အကြီးအကဲ မာ့ခ်လိုကော့ခ်က ဒီဇင်ဘာ ၁၀ ရက်တွင်ပြောဆိုခဲ့သည်။
အစားအစာပြတ်လပ်မှုနှင့် အာဟာရပြတ်လပ်မှုအခြေအနေဆိုးရွားမှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာတိုင်းတာချက်အရ ယီမင်ရှိ လူ ၂၅၀ဝ၀ဝ သည် အဆင့် ငါးတွင်ရှိနေပြီး ယင်းအဆင့်သည် အလွန်အမင်းငတ်ပြတ်ခြင်း၊ ငတ်ပြတ်မှုကြောင့် သေဆုံးခြင်း ဟု အဓိပ္ပါယ်ရကြောင်း ယီမင်မှ မကြာသေးမီတွင် ပြန်လည်ရောက်ရှိခဲ့သည့် လိုးကော့ခ်ကပြောဆိုခဲ့သည်။
အဆင့်ငါးရှိသည့် အခြားနိုင်ငံတစ်နိုင်ငံမှာ တောင်ဆူဒန်ဖြစ်ပြီး လူ ၂၅၀ဝ၀ သည် အလားတူခံစားနေရကြောင်း ၎င်းကပြောဆိုခဲ့သည်။
အရေးပေါ်အခြေအနေဖြစ်သည့် အဆင့်လေး ကျန်နေရသည့် ယီမင်နိုင်ငံသား ငါးသန်းရှိနေသည်။ ယင်းဦးရေသည် ယီမင်ရှိ ခရိုင် ၃၃၃ ခုအနက် ၁၅၂ ခုတွင်နေထိုင်နေသည်။ ယမန်နှစ်တွင် ခရိုင် ၁၀၇ ခုတွင်သာ အရေးပေါ်အခြေအနေကြုံခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ယီမင်မြို့တော် ဆာနာအား အီရန်၏ထောက်ခံမှုရ ဟူသီသူပုန်များက သိမ်းပိုက်ပြီး အာဘတ် ရက်ဘို မန်ဆာ ဟာဒီဦးဆောင်သော အစိုးရကို ဖြုတ်ချခဲ့ရာမှ ပြည်တွင်းစစ်စတင်ခဲ့ခြင်းဖြစ်သည်။ ယီမင်အစိုးရ၏မဟာမိတ် ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်အဖွဲ့က ဟူသီများအား ၂၀၁၅ ခုနှစ်မှစ၍ တိိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ဆော်ဒီဦးဆောင်သော မဟာမိတ်များသည် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လက်ထပ်မင်္ဂလာပွဲများကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် လူထောင်ပေါင်းများစွာသေဆုံးခဲ့သည်။
ဟူသီများကလည်း တာဝေးပစ်ဒုံးကျည်များကို ဆော်ဒီအာရေဗျနိုင်ငံတွင်းသို့ ပစ်ခတ်ခဲ့ပြီး ပင်လယ်နီထဲရှိ သင်္ဘောများကိုလည်း ပစ်ခတ်ခဲ့သည်။
တိုက်ခိုက်မှုဒဏ်ကို အများဆုံးခံရသည်မှာ အရပ်သားများဖြစ်ကြပြီး လူ ၁၀ဝ၀ဝ ကျော်သေဆုံးခဲ့ကာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားစရာ အကျပ်အတည်းဖြစ်ခဲ့သည်။

















