စစ်ပွဲအတွင်း လိင်ပိုင်းအနိုင်ကျင့်ခြင်းကို လက်နက်အဖြစ်အသုံးချခြင်းအား ပြင်းပြင်းထန်ထန်တုံ့ပြန်ရန် ယခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်လ်ဆုကို ပူးတွဲရရှိခဲ့သည့် ကွန်ဂိုဆရာဝန် ဒေါက်တာ ဒဲနစ် မူကွဲဂီက ဒီဇင်ဘာ ၁၀ ရက်တွင် တောင်းဆိုခဲ့သည်။
ဒေါက်တာ ဒဲနစ် မူကွဲဂီသည် ကွန်ဂိုအရှေ့ပိုင်းတွင် ဆေးရုံတစ်ရုံဖွင့်လှစ်ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ထိခိုက်ဒဏ်ရာရရှိသူထောင်ပေါင်းများစွာတို့အား ကုသပေးခဲ့သည်။ ယခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာနိုဘယ်လ်ဆုကို ဒေါက်တာ မူကွဲဂီနှင့်အတူ အီရတ်နိုင်ငံသား လှုပ်ရှားသူ နာဒီယာ မူရတ်တို့ ပူးတွဲရရှိခဲ့သည်။
ဆယ်စုနှစ်နှစ်စုကျော်အတွင်း ကွန်ဂိုသားများ အရှက်ရခြင်း၊ အနိုင်ကျင့်ခံရခြင်းနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်းတို့ရှိခဲ့သော်လည်း နိုင်ငံတကာအသိုက်အဝိုင်းက ယင်းကို လျစ်လျူရှုထားခဲ့ကြောင်း မူကွဲဂီက ဝေဖန်ပြောဆိုခဲ့သည်။
လက်နက်ကိုင်ပဋိပက္ခများအတွင်း လိင်ပိုင်းအနိုင်ကျင့်ခံခဲ့ရသူများ၏ဘဝများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေတစ်ရပ်ထူထောင်ပေးရန် နိုင်ငံများအား တောင်းဆိုပါကြောင်း ၎င်းကပြောဆိုခဲ့သည်။
ထို့ပြင် အာဏာရရှိရေးအတွက် လိင်ပိုင်းအနိုင်ကျင့်မှုကိုသည်းခံခဲ့သည့် ခေါင်းဆောင်များ၊ လိင်ပိုင်းအနိုင်ကျင့်မှုများကျူးလွန်ရန် ညွှန်ကြားခဲ့သည့် ခေါင်းဆောင်များအား နိုင်ငံများက ပြတ်ပြတ်သားသားဆန့်ကျင်ရန်လိုအပ်နေကြောင်း မူကွဲဂီက တိုက်တွန်းပြောဆိုခဲ့သည်။
ကွန်ဂိုရှိ သတ္တုအရင်းအမြစ်များမှရရှိသော ပစ္စည်းများဖြင့် စမတ်ဖုန်းကဲ့သို့ အီလက်ထရွန်းနစ်ပစ္စည်းများကို ထုတ်လုပ်နေပြီး နိုင်ငံတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများစွာသည် ယင်းမှ အကျိုးအမြတ်ရရှိခဲ့သည်။
စမတ်ဖုန်းကဲ့သို့ ပစ္စည်းများကို လူ့ဂုဏ်သိက္ခာကိုဦးတည်ပြီး ထုတ်လုပ်ထားသော်လည်း ယင်းပစ္စည်းများတွင်ပါဝင်သည့် ပစ္စည်းများကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများ အကျိုးအမြတ်ရှိနေခြင်းမှာမူ ရှက်စရာကောင်းလှကြောင်း ၎င်းကပြောဆိုခဲ့သည်။
ပူးတွဲနိုဘယ်လ်ဆုရှင် မူရတ်မှာမူ အီရတ်ရှိ ယာဇီဒီလူနည်းစုဝင်တစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အိုင်အက်စ်အကြမ်းဖက်အဖွဲ့၏ ပြန်ပေးဆွဲပြီး လိင်ပိုင်းအနိုင်ကျင့်ခြင်းခံခဲ့ရသည်။
အိုင်အက်စ်လက်ထဲမှ လွတ်မြောက်ခဲ့ပြီးနောက် မူရတ်သည် လှုပ်ရှားသူတစ်ဦးဖြစ်လာကာ ဂျာမနီ၌ ခိုလှုံခွင့်ရရှိခဲ့သည်။ နိ်ုင်ငံခေါင်းဆောင်များသည် လိင်ပိုင်းအနိုင်ကျင့်ခံခဲ့ရသူများအပေါ် သနားကရုဏာသက်ခြင်းကို လိင်ပိုင်းအနိုင်ကျင့်သူများအား အရေးယူခြင်းဖြင့် ပြောင်းလဲသင့်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

















