တရုတ်နည်းပညာကုမ္ပဏီကြီးများဖြစ်သည့် ဟွာဝေးနှင့် ဇက်တီအီးတို့မှ ထုတ်လုပ်သော အင်တာနက်ကွန်ရက်ပစ္စည်းကိရိယာများအပေါ် ပိတ်ပင်မှုကို တရုတ်တိုင်ပေက လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိုမိုတင်းကျပ်လိုက်ပြီဖြစ်သည်။
ဟွာဝေးနှင့် ဇက်တီအီးထုတ် ကွန်ရက်ပစ္စည်းများအပေါ် ပိတ်ပင်မှုသည် ထိရောက်ခဲ့ပြီး ဆက်သွယ်ရေးကဏ္ဍ ခြိမ်းခြောက်ခံရမှု နည်းသွားပြီဖြစ်ကြောင်း အစိုးရအရာရှိများက လွှတ်တော်အမတ်များနှင့် အများပြည်သူအား ပြောဆိုခဲ့သည်။
ဟွာဝေးသည် တရုတ်တိုင်ပေတွင် အခြေကျနေပြီဖြစ်ပြီး ဟွာဝေးထုတ် ဖုန်းများသည် ရောင်းအားအကောင်းဆုံးထဲတွင် ပါဝင်နေသည်။ ထို့ပြင် ဟွာဝေးသည် တိုင်ပေဆင်ခြေဖုံး၌ ခရစ္စမတ်ပွဲတော်ကျင်းပရေးအတွက် ငွေကြေးထောက်ပံ့ပေးထားသည်။
နိုင်ငံအတော်များများသည် ဟွာဝေးထုတ် အင်တာနက်ပစ္စည်းကိရိယာများအပေါ် ပိတ်ပင်ထားပြီးဖြစ်သည်။ တရုတ်က တရုတ်တိုင်ပေသည် ပြည်မကြီးပိုင်နယ်မြေတစ်ခုဖြစ်ပြီး လိုအပ်ပါက စစ်ရေးအင်အားသုံးစွဲမည်ဖြစ်ကြောင်း ပြောဆိုထားသဖြင့် တရုတ်နည်းပညာကုမ္ပဏီများထုတ် ပစ္စည်းများသည် တရုတ်တိုင်ပေအတွက် အန္တရာယ်ရှိသည့် ပစ္စည်းများအဖြစ် မှတ်ယူခံထားရသည်။
ဟွာဝေးသည် ၎င်းတို့ထုတ်ပစ္စည်းများထဲတွင် စစ်ရေးနှင့် စီးပွားရေးလျှို့ဝှက်ချက်များကို ခြေရာခံနိုင်သည့် သူလျှိုပစ္စည်းများထည့်သွင်းထားကြောင်း ကောလာဟလများလည်းရှိနေသည်။
တရုတ်သည် တရုတ်တိ်ုင်ပေ၌ လွန်ခဲ့သောလတွင် ကျင်းပခဲ့သည့် ဒေသဆိုင်ရာရွေးကောက်ပွဲတွင် သတင်းမှားများဖြန့်ချခြင်းဖြင့် ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း တရုတ်တိုင်ပေ အစိုးရက စွပ်စွဲထားပြီးဖြစ်သည်။
ဟွာဝေးအား တရုတ်တိုင်ပေရှိ ဘဏ္ဍာရေးလုပ်ငန်းနှင့် ချိတ်ဆက်ခွင့်ပိတ်ပင်သင့်ကြောင်း ဥပဒေပြုအမတ်များက ဒီဇင်ဘာ ၁၀ ရက်တွင်တောင်းဆိုခဲ့သည်။
ဟွာဝေးသည် တရုတ်တိုင်ပေရှိ ဒီဂျစ်တယ်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ရန် စီစဉ်ထားသည်။
တရုတ်တောင်ပိုင်း ရှန်ကျန်းအခြေစိုက် ဟွာဝေးသည် ကမ္ဘာ့အကြီးဆုံး ကွန်ရက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းဖြစ်ပြီး ဇက်တီအီးသည် ၎င်း၏ပြိုင်ဘက်ဖြစ်သည်။

















