မြွေ အကောင်သုံးရာကျော် တင်ဆောင်လာသည့်ယာဉ် အဖမ်းခံရ

မြွေ အကောင်သုံးရာကျော် တင်ဆောင်လာသည့်ယာဉ် အဖမ်းခံရ

ယာဉ်စစ်ဆေးမှုများပြုလုပ်နေစဉ် မြွေ အကောင် ၃၅၀ တင်ဆောင်လာသူကို အမှုဖွင့်အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။ 

ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့  ပေါက်တောမီးပွိုင့်အနီး ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ယာဉ်စည်းကမ်းလမ်းစည်းကမ်းစစ်ဆေးနေစဉ် တိုယိုတာယာဉ်တစ်စီးကို တားဆီးစစ်ဆေးခဲ့ရာ ယာဉ်မောင်းက ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ 
ယာဉ်မှာလိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်းတွေ့ရပြီး ယာဉ်ပေါ်တွင် ပလတ်စတစ်ခြင်း ၂၂ ခြင်း၊ အဝတ်ထုတ် ၃ ထုတ်ဖြင့် ထုတ်ထားသည့် မြွေပွေးအကောင် ၂၀၊ မြွေဟောက် ၂၁ ကောင်၊ လင်းမြွေ ၃၀၉ ကောင် စုစုပေါင်း အကောင် ၃၅၀ ကာလတန်ဖိုး ၁၈ သိန်းကျော်ဖိုးခန့် ကို တွေ့ရှိခဲ့သည်။ 
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သူ ယာဉ်မောင်းမှာ စဉ့်ကိုင်မြို့နယ်နေ ဦးခင်ဇော်အသက် ၃၁ နှစ်ဖြစ်သည်။ 
ကျောက်ဆည် မြို့မ ရဲစခန်းက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၉(က)တို့ အရ အမှုဖွင့် အရေးယူထားသည်။