ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မြန်မာနိုင်ငံသား နှစ်ဦးနှင့် ထိုင်းနိုင်ငံသား လေးဦးတို့ မောင်းနှင်စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်ပေါ်မှ လက်နက်နှင့် ခဲယမ်းများကို သက်ဆိုင်ရာက ဒီဇင်ဘာ ၁၁ ရက်က ဖမ်းဆီးရမိခဲ့သည်။
အဆိုပါနေ့ ညနေ ၅ နာရီအချိန်တွင် လွယ်တော်ခမ်းပူးပေါင်း စစ် ဆေးရေးဂိတ်ရှေ့ လမ်းမပေါ်တွင် ပူးပေါင်းအဖွဲ့က ရှောင်တခင်ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်နေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် vigo အမျိုးအစား၊ အဖြူရောင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။
အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်း စိုင်းဆိုင်း(၅၀ နှစ်)နှင့်ရှေ့ခန်းတွင် ကျော်စိန်(၄၄ နှစ်)လိုက်ပါကာ နောက်ခန်းတွင် ထိုင်းနိုင်ငံသားများဖြစ်သည့် Mr.Somchai Maha Frannoon၊ (၂၉ နှစ်)၊ Mr.Suberk(၄၀ နှစ်)၊ Mr.Thanatip (၃၇ နှစ်)၊ Mr.Naijai (၃၉ နှစ်) တို့ လိုက်ပါလာခဲ့သည်။
ပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်နှင့် လူများကို ရှာဖွေရာ ထိုင်းနိုင်ငံသား Mr.Somchai Maha Frannoon လွယ်ထားသော အိတ်အတွင်းမှ Colts(.45 Automatic Caliber) အမျိုးအစား CU33092 နံပါတ်ပါ ပစ္စတိုသေနတ် တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ကျည် ၁၀ တောင့်၊ Mr.Thanatip လွယ်ထားသော အိတ်အတွင်းမှ Pietro Beretta(PB) အမျိုးအစား 1182673Z နံပါတ်ပါ ပစ္စတိုသေနတ် တစ်လက်၊ ၄င်း ကျည် တစ်ခု၊ 9MM Luger ကျည် ၁၂ တောင့်နှင့် Pietro Beretta(PB) အမျိုးအစား G25320Z နံပါတ်ပါပစ္စတိုသေနတ် တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ 9 MM Luger ကျည် ၁၂ တောင့်တို့အား ရှာဖွေတွေ့သိမ်းဆည်းရမိခဲ့သောကြောင့် ၎င်းတို့ ခြောက်ဦးကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
တာချီလိတ်မြို့မရဲစခန်းက ရှမ်းပြည်နယ်လက်နက်အမိန့်အပိုဒ် ၁၂(က)ဖြင့် အမှုဖွင့်အရေးယူထားသည်။

















