(၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ် များအားကစားပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို ဒီဇင်ဘာ ၁၀ရက် နံနက် ၉ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၃၊ ငွေတံဆိပ် ၁ နှင့် ကြေးတံဆိပ်၁ ထပ်မံဆွတ်ခူး နိုင်ခဲ့ကြောင်း သိရသည်။
ဝဏ္ဏသိဒ္ဓိအားကစားရုံ(က)၌ ကျင်းပသော ဝူရှူးပြိုင်ပွဲ အမျိုးသားထောက်လုပြိုင်ပွဲတွင် ငြိမ်းချမ်းကိုကိုက နှစ်ရက်ပေါင်းရမှတ် ၁၉ ဒသမ ၂၂ ဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီး ခန့်မင်းထက်က နှစ်ရက်ပေါင်းရမှတ် ၁၉ ဒသမ ၁၀ ဖြင့် ငွေတံဆိပ်ဆုရရှိခဲ့ကာ အင်ဒို နီးရှားမှ ဂူနာဝမ်က နှစ်ရက်ပေါင်းရမှတ် ၁၉ ဒသမ ဝ၉ ဖြင့် ကြေးတံဆိပ်ဆု ရရှိခဲ့သည်။ အမျိုးသား(၅၂)ကီလိုတန်း ဆန်းဆိုအတိုက် ပြိုင်ပွဲတွင် မြန်မာမှ နိုင်းတန်က ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီး အမျိုးသမီး ထောက်လု ထိုက် ကျိချွမ်ပြိုင်ပွဲ၌ မြတ်နိုးအိမ် ရမှတ် ၉ ဒသမ ၆၀ ဖြင့် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။
ယင်း ပြိုင်ပွဲ၏ ငွေတံဆိပ်ဆုကို မလေးရှားမှ ချန်လုရီ၊ ကြေးတံဆိပ်ဆုကို စင်ကာပူမှ ဗီယာတန် ရမ်နင်တို့က ရရှိခဲ့သည်။
ရိုးရာခြင်းလုံးပြိုင်ပွဲ နလနညအ(၁)ပွဲစဉ်များကို အာဆီယံအသင်း လေးသင်းဖြစ်သော မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင် ခဲ့ကြရာ ထိုင်းအသင်းက ရမှတ် ၃၀၅ မှတ်ဖြင့် ရွှေတံဆိပ်ဆုရရှိခဲ့ပြီး မလေးရှားအသင်းက ရမှတ် ၂၀၉ မှတ် ဖြင့် ငွေတံဆိပ်၊ မြန်မာအသင်း က ရမှတ် ၂၀၄ မှတ်ဖြင့် ကြေးတံဆိပ်ဆုရရှိခဲ့ ကြသည်။ အာဆီယံတက္ကသိုလ်များအား ကစား ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များ ညနေ ၆ နာရီအထိ မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၅၊ ငွေ တံဆိပ်၂၊ ကြေးတံဆိပ် ၁ တို့ရရှိထားပြီး နိုင်ငံလိုက် ထိပ်ဆုံး၌ရပ်တည်လျက်ရှိသည်။















