ပုဇွန်ကန်အတွင်း မြှုပ်ထားသည့် သိန်းငါးထောင်ကျော်ဖိုး စိတ်ကြွဆေးများတွေ့ရှိ

ပုဇွန်ကန်အတွင်း မြှုပ်ထားသည့် သိန်းငါးထောင်ကျော်ဖိုး စိတ်ကြွဆေးများတွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ပုဇွန်ကန်အတွင်းမြေကျင်းတူးမြှုပ်နှံထားသည့် ကျပ်သိန်း ၅၈၅ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို သက်ဆိုင်ရာက ဒီဇင်ဘာလ ၁၁ ရက်နေ့က သိမ်းဆည်းရမိခဲ့သည်။

အဆိုပါနေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မောင်တောမြို့နယ်၊ ရွှေဇား ကျေးရွာအုပ်စု၊ ကံဘဲ့ကျေးရွာနေ ကာမာဖြစ်သူပိုင်ဆိုင်သော ပုဇွန်ကန်တွင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သတင်းအရ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေခဲ့သည်။ 
အဆိုပါ ပုဇွန်ကန်ဘောင်၊ ရေလွှဲမြောင်းတွင် မြေကျင်းတူး၍ သိုဝှက်ထားသည့် အဝါရောင် ဆာလာအိတ် ၃ အိတ်ကို တွေ့ရှိပြီး စစ်ဆေးခဲ့သည်။ 
၎င်းဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂၅ဝဝ ပြား ကျပ်သိန်း ၅၈၅ဝ ဖိုးခန့် တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
ပြင်ဖြူ နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနိုင်ရန် စုံစမ်းလျက်ရှိသည်။